


၂၁.၄.၂၀၂၅
Written By Zun
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်နေ ဆိုင်ကယ် ကယ်ရီ မောင်းသူ ကိုစိုးနိုင်၏ ကယ်ရီကိုငှားစီးပြီး လူကိုသတ်ကာ ဆိုင်ကယ်ကို လုယက်မောင်းနှင်ထွက်ပြေးသူအား ဖမ်းမိပြီ ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁၉ ရက် ည ၈ နာရီခန့်အချိန်က ကိုစိုးနိုင်ထံသို့ အဆိုပါ ကျူးလွန်သူ ရောက်ရှိလာကာ ဆိုင်ကယ်ကို ငှားစီးခေါ်ဆောင်သွားပြီးနောက် ဘုရင့်နောင်ဈေးအနီးသို့ ရောက်ရှိချိန်တွင် ကိုစိုးနိုင်အား သတ်ဖြတ်၍ ဆိုင် ကယ်ကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျူးလွန်သူမှာ ခန့်မင်းသူ ဆိုသူ ဖြစ်ပြီး ထွက်ပြေးနေသောကြောင့် ၎င်းကို သက်ဆိုင်ရာက ပူးပေါင်း အဖွဲ့ဖြင့် ပိုက်စိပ်တိုက်ရှာဖွေရာ ဧပြီလ ၂၀ ရက် (ယမန်နေ့) မွန်းလွဲပိုင်းက ဖမ်းမိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားပြီးနောက် ယမန်နေ့ ဧပြီ ၂၀ ရက် နေ့လယ် ၁ နာရီအချိန်တွင် မြဝတီမြို့၊ ၁၂ ဂိတ်တွင် တရားခံ ခန့်မင်းသူအား ကိုဘီဝမ်းနှင့် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မြဝတီရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
“လူသတ် ဆိုင်ကယ်လုထွက်ပြေးသူ တရားခံ ခန့်မင်းသူကို လူသတ်ပြီး ၂၄ နာရီအတွင်း မြဝတီရဲစခန်းမှ တပ်ဖွဲ့ ဝင်များက ၂၀.၄.၂၀၂၅ မွန်းလွဲ ၁ နာရီအချိန်မှာလက်ရဖမ်းဆီးနိုင်ခဲ့တယ်။ ကျွန်တော့်အကောင့်နဲ့ရေးသားတင်ဆက်လိုက်တာ ဆိုင်ကယ်ဝယ်ယူသူက တွေ့ရှိသွားပြီး မြဝတီရဲစခန်းကိုအကြောင်းကြားတာ။ CCTV မှတ်တမ်းအရ ရဲတပ်ဖွဲ့က အချိန်တိုအတွင်း တရားခံကို ပိတ်ဆို့ရှာဖွေဖမ်းဆီးရမိခဲ့တယ်၊ လောင်းကစားရှုံးလို့ကြံမိကြံရာ လုပ်လိုက်တာလို့ပြောတယ်”ဟု ကိုအောင်ထွန်းလင်း (ခေါ်) ကိုဘီဝမ်းက ရေးသားပြောဆိုထားသည်။
ယင်း ကျူးလွန်သူမှာ မြဝတီမြို့သို့ မိုးကောင်းမြို့နယ်က လွန်ခဲ့သည့် ၃ လခန့်က ရောက်လာခြင်း ဖြစ် ကြောင်း၊ အဆိုပါဆိုင်ကယ်ကို ငွေကျပ် ၁၃ သိန်းဖြင့် လိုက်ရောင်းနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Photo- koBOne