
၂၁.၄ .၂၀၂၅
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး အမရပူရဘက်က ကျေးရွာအုပ်စုတွေအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူတွေ ခေတ္တနေထိုင်ရတဲ့ Camp တွေမှာ နေထိုင်သူတွေအနေနဲ့ ငလျင်အပြီး ရက်သတ္တပတ် သုံးပတ်ကျော် ကြာမြင့်လာတဲ့အခါမှာတော့ တချို့ လက်လုပ်လက်စားမိသားစုတွေမှာ ငွေကြေးလိုအပ်ချက်တွေလည်း ရှိလာနေပြီး ဒဏ်ရာမရဘဲ ကျန်ရှိလူကောင်းက ရရာအလုပ်အကိုင် ရသလောက်နဲ့ မိသားစုအရေးဆောင်ရွက်ဖြေရှင်းတာမျိုးတွေ ကြားသိ သိရှိရကြောင်း အဆိုပါ Camp တွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ကူညီကြီးကြပ်ပေးနေတဲ့ ကိုသန်းနောင်စိုင်းက MT News ကို ပြောပါတယ်။


အမရပူရမြို့နယ်က ရက်ကန်းလုပ်ငန်း၊ ချည်ဆေးဆိုးလုပ်ငန်းတွေ အဓိက လုပ်ကိုင်တဲ့ အရပ်ဒေသပါ။ အများစုက ပြန်လည်ထူထောင်ရေးမစတင်နိုင်တဲ့အတွက် အခြေခံလက်လုပ်လက်စားတွေ ဝင်ငွေရပ်တန့်သွားသလို ဆောက်လုပ်ရေးလုပ်သားနဲ့ ပျံကျဈေးသည်လည်း များတဲ့အရပ်မို့ အဲဒီလူတွေလည်း အလုပ်အကိုင်အခွင့်အလမ်းပြန်လည်စတင်နိုင်တာမျိုးတော့ ငယ်တိုးကျေးရွာအုပ်စုအတွင်း Camp ခုနစ်ခုမှာ မှီတင်းနေထိုင်ကြသူတွေဆီမှာ မတွေ့ရှိရသေးဘူးလို့ သိရပါတယ်။
မိသားစုအတွင်း ငလျင်ကြောင့် နာတာရှည်လူမမာရှိလာတဲ့အခါ လတ်တလောနေရေးအဆင်ပြေပေမယ့် ဆေးကုသစရိတ်တွေ ခက်ခဲလာကြတာပါ။ ဒါကြောင့် ကြုံရာကျပန်းထွက်ကာ အလုပ်အကိုင် ရှာဖွေပြီးရရာ လုပ်ကြတာမျိုးရှိပေမယ့်၊ အလုပ်အကိုင်အခွင့်အလမ်းပါ ရှားပါးနေတာကြောင့် မလွယ်ကူဘူးလို့ သိရပါတယ်။ ကိုသန်းနောင်စိုင်းက “ခြေထောက်ဖြတ်ရတာ၊ ကျိုးတာ လက်ပြတ်တာ၊ ခါးထိထားတာ ဒီလို ရေရှည်ကုသရမယ့် လူနာတွေလည်း များနေတယ်။ ကျွန်တော့် ပရဟိတအသင်းအနေနဲ့ရော အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ရော ရေရှည်ကုသရမယ့်သူတွေကို ပျောက်ကင်းတဲ့အထိ ကုသပေးတဲ့ အလှူရှင်ရှိသလို တစ်သိန်း၊ သုံးသိန်း စသဖြင့် လှူပေးတဲ့ အလှူရှင်တွေလည်းရှိပါတယ်။ ဒါပေမယ့် လိုအပ်ချက်ကတော့ ရှိနေတာပါပဲ” လို့ ပြောပါတယ်။
အမပူရမြို့ဟာ အဆောက်အဦပျက်စီးမှုက မြို့ရဲ့ ၅၀ ရာခိုင်နှုန်းခန့်လို့ သတ်မှတ်လို့ရနိုင်ကြောင်းနဲ့ လက်ရှိအချိန်မှာတော့ သေဆုံးသူဦးရေ သုံးရာကျော်၊ ဒဏ်ရာရရှိသူ ငါးရာနီးပါးရှိနေပြီး ရှာဖွေကယ်ဆယ်ရေးရပ်ကာ ပြန်လည်ထူထောင်ရေးကို အားယူနေပေမယ့် ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေအနေနဲ့က သူတို့ရဲ့အိမ်ခြေကို ပြန်လည်တည်ဆောက်နိုင်ဖို့ အင်အားမရှိကြဘူးလို့လည်း ဒေသခံ လူမှုကူညီရေးအဖွဲ့ဖြစ်တဲ့ စံပြလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ ကိုသန်းနောင်စိုင်းက ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ် အရှေ့မြောက်ဒေသနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာ လူသေပျောက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့ပြီး မန္တလေးမြို့ရဲ့ အမရပူရ မြို့နယ်အပိုင် ငယ်တိုးကျေးရွာအုပ်စုအောက်က ကျေးရွာ ၁၉ ရွာကလည်း အထိအနာဆုံးရွာတွေ စာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါကျေးရွာ ၁၉ ရွာအတွက် ယာယီနေထိုင်နိုင်ဖို့ Camp အကြီး ခုနစ်ခုသာ ဖွင့်လှစ်ပေးထားနိုင်ပြီး လူဦးရေ ၈၀၀၀ ကျော်က မှီတင်းနေထိုင်နေကြရဆဲလည်း ဖြစ်ပါတယ်။