
အမေရိကန်က အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များဖြစ်သော AA၊ ARSA နှင့် CNF ကို ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် စစ်ရေးအကူအညီပေးမည်ဆိုသည့် သတင်းများထွက်ပေါ်လာမှုအပေါ် အိန္ဒိယအစိုးရက စုံစမ်းမေးမြန်းလာဟု CNF ပြောရေးဆိုခွင့်ရှိသူ ပြော
ဖြိုးဝေ
၂၁. ၄. ၂၀၂၅
အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ရခိုင်လက်နက်ကိုင် AA၊ ဘင်္ဂါလီလက်နက်ကိုင် ARSA နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် လက်နက်ကိုင်အချို့ကို စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့စီစဥ်နေတယ်ဆိုတဲ့ သတင်းကို အိန္ဒိယနိုင်ငံက မထင်မရှား သတင်းဌာနငယ်လေး Northeast News က ဖော်ပြခဲ့အပြီးမှာ ဒါကို မှန်မမှန် အိန္ဒိယအစိုးရကပါ မေးမြန်းစုံစမ်းလာတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒီနေ့ ဧပြီ ၂၁ မှာ ပြုလုပ်တဲ့ CNF/CNA ၊ CDF-KKG တို့ ကလေးဒေသစစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟလာပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာတချို့က မေးလာတာတွေရှိတာပေါ့။ အိန္ဒိယ အစိုးရကတောင် မေးလာတဲ့အနေအထားတွေရှိတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ကျွန်တော်တို့ CNF အနေနဲ့ တိုက်ရိုက်မပတ်သက်တော့ အဓိကတော့ သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမေရိကနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရဲ့ကိစ္စဖြစ်တယ်။ အဲဒါသည် ဖြစ်နိုင်ပါတယ်လို့ ပြောလို့မရသလို၊ မဖြစ်နိုင်ဘူးလို့ အတပ်ပြောလို့လည်း မရပြန်ဘူး။ ဒီကိစ္စက ထဲထဲဝင်ဝင် သူတို့ နှစ်နိုင်ငံ ကိစ္စဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ တရားဝင် ပြောဆိုလို့ မရသလို အဲဒါတွေကို ကျွန်တော့် အထက်လူကြီးတွေက အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာတွေ ကျွန်တော့်ကို အကြောင်းကြားတာတွေ အဲဒီလိုမျိုးမရှိသေးတော့ တရားဝင်ပြောဖို့ ခက်နေတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီလောက်ပဲ ဖြေချင်ပါတယ်”လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
မြန်မာနိုင်ငံအကြောင်းကို အကျွမ်းတဝင်သိပုံမရတဲ့ အိန္ဒိယအခြေစိုက်သတင်းဌာန အငယ်တစ်ခုဖြစ်တဲ့ Northeast News ဟာ လက်ရှိကာလမှာ AA နဲ့ ရန်ဘက်ဖြစ်နေတဲ့ ARSA အပြင် ချင်းလက်နက်ကိုင် CAN/CNF တို့ကို အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က တပ်ရင်းသုံးရင်း ပူးပေါင်းထောက်ပံ့ပြီး တပ်မတော်ကို အနိုင်ယူ ဖြိုခွင်းနိုင်တဲ့အထိ စစ်ရေးအထောက်အပံ့ဇုန်တစ်ခု ထူထောင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဧပြီ ၁၅ ရက်မှာ ဖော်ပြခဲ့တာပါ။
အဲဒီနောက် ဒီနေ့မှာလည်း Northeast News ဟာ ဘင်္ဂလားဒေ့ရှ် စစ်ဖက်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် (DGFI) ဗိုလ်ချုပ် ဂျာဟန်ဂီရ် အာလမ်ဟာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) အရာရှိတွေနဲ့ တွေ့ဆုံဖို့ ဧပြီ ၂၀ မှာ ဒါကာကနေ ဝါရှင်တန်ဒီစီကို ခရီးစတင်ခဲ့ပြီး Northeast News ရရှိထားတဲ့ စာရွက်စာတမ်းတွေအရ ဗိုလ်ချုပ်အာလမ်ရဲ့ ခရီးစဉ်ဟာ ရခိုင်ပြည်နယ်မှာ မကြာမီစတင်မယ့် စစ်ဆင်ရေးဆိုင်ရာ အချက်အလက်အကျဉ်းချုပ် ရှင်းလင်းတင်ပြမှုက အဓိကပါဝင်မယ်လို့ ဆက်လက်ရေးသားလာပါတယ်။
ဒါ့အပြင် Northeast News ရဲ့ အရင်သတင်းတွေအရ ရခိုင်လက်နက်ကိုင် AA၊ ဘင်္ဂါလီလက်နက်ကိုင် ARSA နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် လက်နက်ကိုင် သုံးဖွဲ့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေ ဆင်နွှဲမယ်ဆိုတာ၊ ဘင်္ဂလားဒေ့ရှ်တပ်မတော်က ဒီစစ်ဆင်ရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်မှာဖြစ်ပြီး တက္ကနပ်ဖ်မြို့မြောက်ဘက် ၃၀ ကီလိုမီတာအကွာ ဆီလ်ခါလီကျေးရွာမှာ ထောက်ပံ့ရေးစခန်းတစ်ခု ပြင်ဆင်နေတယ်ဆိုတာ၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေက တပ်မတော် ထိန်းချုပ်မှုအောက် ရှိနေဆဲဖြစ်လို့ ဒီမြို့တွေကို AA က အဓိကတိုက်ခိုက်မယ်ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက မုတ်သုံရာသီ (မေလမှ ဩဂုတ်လ) အတွင်း စစ်ဆင်ရေးတွေ မထိရောက်နိုင်ဘူးလို့ ယူဆထားပြီး စက်တင်ဘာမှာ စတင်နိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ AA၊ CNF နဲ့ ARSA တို့ ညှိနှိုင်းမှုအခြေအနေ အပေါ်လည်း မူတည်နေတယ်ဆိုတာကို ဆက်လက်ဖော်ပြထားပါတယ်။
လတ်တလော Northeast News ရေးသားနေတဲ့ သတင်းတွေဟာ ရခိုင်မြေမှာ OIC က အမေရိကန်နဲ့ အနောက်နိုင်ငံတို့က လူ့အခွင့်အရေးအကြောင်းပြု အစ္စလာမ္မစ်ခွဲထွက်နိုင်ငံထူထောင်လိုတာ၊ တရုတ်နိုင်ငံရဲ့ BRI ထွက်ပေါက်၊ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံအပြင် BIMSTEC အတွက် အချက်အခြာကျတဲ့ စစ်တွေမြို့က ကုလားတန်စီမံကိန်း စတာတွေနဲ့ အခြေအနေ ရှုပ်ထွေးနေတာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာစီနာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ခရစ်ယာန်ပြည်နယ် ဒါမှမဟုတ် နိုင်ငံငယ်တစ်ရပ်ထူထောင်နိုင်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတည်ဆောက်နိုင်ရေးတို့အတွက် သူမရဲ့ အစိုးရအဖွဲ့ကို ဖိအားပေးနေတယ်ဆိုတာ ပြောခဲ့အပြီးမှာ ဖြုတ်ချခံရတာနဲ့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဟာ အမေရိကန်လိုလားသူ နိုဘယ်ဆုရှင် ယူနွတ်စ်က အာဏာရနေတာကြောင့် ရခိုင်နယ်စပ်အရေးဟာ အမေရိကန်မွှေနှောက်မှုနဲ့အတူ အလွန်ရှုပ်ထွေးနေပြီး သတိထား စောင့်ကြည့်ရမယ့် အခြေအနေပါ။
Ref , Northeast News