
၂၁.၄.၂၀၂၅
Written By Zun
မန္တလေးငလျင်ကြီးကြောင့် ယာယီပိတ်ထားရသည့် မန္တလေးမြို့၊ အဆင့်မြင့်ဈေးချိုတော်ရှိ ဈေးရုံများကို ဧပြီလ ၂၄ ရက်တွင် ပုံမှန်ပြန်ဖွင့်တော့မည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့က သိရသည်။
ယင်းအပြင် ဈေးချိုတော်ဧရိယာအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှုနှင့် အန္တရာယ်ကင်းရှင်းရေးတို့အတွက် အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့က မန္တလေးတိုင်းဒေသကြီးအဆင့် စစ်ဆေးရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။


အဆိုပါ စစ်ဆေးတွေ့ရှိချက်များအရ တောင်-မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်ပြီး ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ဈေးချိုတော် ပင်မအဆောက်အဦမှာ Main Structure ထိခိုက်မှုများ မတွေ့ရှိရဘဲ ကြံ့ခိုင်မှုကောင်းမွန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ၍ ပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
“အန္တရာယ်ကင်းရှင်းရေးကို အဓိကဦးစားပေးတဲ့အနေနဲ့ ဈေးသူဈေးသားတွေဘက်က သက်ဆိုင်ရာညွှန်ကြားချက်တွေကို လိုက်နာရမယ်။ အတိအကျ လိုက်နာရမယ်။ အဲဒီအကြောင်းကိုလည်း ဈေးသူဈေးသားတွေကို ပြောထားပြီးပါပြီ”ဟု အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့တာဝန်ရှိသူက MT News ကို ပြောသည်။
ယင်းကြောင့် ယနေ့ ဧပြီလ ၂၁ ရက်မှ ဧပြီလ၂၃ ရက်အထိ နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီအတွင်း ဈေးဆိုင်ခန်းပိုင်ရှင်များအနေဖြင့် သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဖွင့်ပေးထားမည်ဖြစ်ကြောင်း၊ ဈေးဆိုင်ခန်းများကို စနစ်တကျ ခင်းကျင်းမှုများ ပြုလုပ်ရန် အချိန်ပေးဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဈေးရုံအတွင်းပိုင်း ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ရုံဝင်လမ်းထွက်လမ်း ရှင်းလင်းခြင်းများကိုလည်း သက်ဆိုင်ရာက လုပ်ဆောင်နေကြောင်း သိရသည်။