
၂၁.၄.၂၀၂၅
Written by Thiri
ငလျင်ဘေးကြုံတွေ့ရပြီး မိဘမဲ့ဖြစ်သွားရတဲ့ ကလေးသူငယ်တွေအတွက် လက်ရှိအစိုးရအနေနဲ့ ဘယ်လို ဆက်လက်စီမံဆောင်ရွက်ပေးသွားမလဲဆိုတာကို ငလျင်ဘေးကြီးအပြီး သုံးပတ်ကျော်ကြာမြင့်လာတဲ့အချိန်မှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတချို့က ထောက်ပြမေးမြန်းလာပါတယ်။
လက်ရှိမှာတော့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကွင်းဆင်းတဲ့အခါမှာ လိုအပ်တဲ့အရေးကြီးအခြေအနေတွေ များစွာထဲကနေ ဒီကဏ္ဍကို အရင်ရှေ့ထုတ် ဆောင်ရွက်ဖို့ အကြံပြုချင်တာလို့လည်း ဆိုပါတယ်။ အဲဒီလို မိဘမဲ့ဖြစ်ကျန်ခဲ့တာက တချို့ကလည်း ယောက်ျားလေး၊ တချို့က အရွယ်မရောက်သေးတဲ့ ရင်ခွင်ပိုက် ကလေးသူငယ်၊ တချို့က ဆယ်ကျော်သက် မိန်းမငယ် စသဖြင့် အရွယ်စုံ အခြေအနေစုံနဲ့ ကျန်ခဲ့တာပါ။
Social influencer တစ်ဦးလည်းဖြစ်ပြီး အလှအပနဲ့ အသားအရေထိန်းသိမ်းနည်းတွေ မျှဝေအကြံပေးလေ့ရှိသူ မဝင်းမင်းသန်းက သူ ပျော်ဘွယ်မြို့ကိုရောက်ရှိစဉ် အသက် တစ်နှစ်နဲ့ လေးလအရွယ် မိဘ၊ အဘိုးအဘွားဆုံးရှုံးထားရတဲ့ သမီးငယ်လေးတစ်ဦးရဲ့ အခြေအနေကို သူအသုံးပြုတဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ဖော်ပြလာပါတယ်။ သမီးငယ်က ကျန်ရှိတဲ့ အဖေ့ရဲ့အစ်ကိုဖြစ်သူ ဘကြီးဇနီးမောင်နှံက စောင့်ရှောက်ထားကြောင်း၊ ဆွေမျိုးရင်းချာဖြစ်တဲ့အတွက် မေတ္တာတရားအပြည့်အဝနဲ့ ကရုဏာကိုလည်း ရရှိထားပေမယ့် ဒီသမီးငယ်ရဲ့ မိဘပိုင် ပြိုပျက်သွားတဲ့ အိမ်နေရာ သမီးငယ်အမည်ပေါက်ရေး၊ သမီးငယ်ဘဝ ဆက်လက်ရပ်တည်နိုင်ရေးတွေကတော့ မဖြစ်မနေ ဝိုင်းဝန်းသင့်တဲ့ အနေအထားမို့ ဆက်လက်ကူညီကြဖို့လည်း နှိုးဆော်ထားတာကို တွေ့ရပါတယ်။
မြေပြင်ကို ကွင်းဆင်းပြီး ပြန်လည်ထူထောင်ရေးနဲ့ အထောက်အကူပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ Safety and security international consultant တစ်ဦးဖြစ်သူ ဒေါ်စုစုလှိုင်က “ကလေးသူငယ်တွေ မိဘမဲ့သွားတဲ့ ကလေးတွေ သေသေချာချာ စာရင်းကောက်ယူပြီးပြီလား။ ကျန်တဲ့ နီးစပ်ရာကိုပဲ မွေးစားခွင့်ပေးမှာလား။ ဥပမာဆိုပါစို့ ဒေါ်ခိုင်နှင်းဝေတို့လိုမျိုးဆီ ပို့မှာလား။ ဒါမျိုးတွေလည်းကျွန်မတို့ မြေပြင်မှာ ကြားသိခဲ့ရသလောက် ဘာမှလုပ်ထားတာ မရှိဘဲ နီးစပ်ရာကပဲ မွေးစားထားတာတွေ တွေ့ရတယ်” လို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲအခြေအနေတွေကတော့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်ဘက်တွေမှာ အခုအချိန်ထိ တည်ငြိမ်ဖို့ အားယူနေရဆဲအနေအထားလည်း ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးစီးလို့ အပျက်အစီးတွေ ရှင်းလင်းနေပြီး တိမ်းစောင်းတိုက်တွေ ဖြိုဖျက်နေတာ၊ ပြိုကျအဆောက်အဦမြေနေရာတွေ ရှင်းလင်းတာကို မိမိတို့အစီအစဉ်နဲ့သော်လည်းကောင်း၊ ပရဟိတအသင်းတွေအစီအစဉ်နဲ့သော်လည်းကောင်း လုပ်ဆောင်နေတာတွေရှိနေပြီဖြစ်ကာ တချို့ အရောင်းအဝယ် တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်တွေလည်း ပြန်လည် လည်ပတ်စပြုနေပေမယ့် ဝန်ထမ်းအင်အားသုံးရတဲ့ လုပ်ငန်းကြီးတွေ ထိခိုက်မှုရှိခဲ့တာကြောင့် အခြေခံလူတန်းစားတစ်ရပ်မှာ ငလျင်ဘေးလွတ်ပေမယ့် ကျပ်တည်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း တတ်သိပညာရှင်တချို့က ထောက်ပြအကြံပြုပါတယ်။
စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ အကြံပြုဆွေးနွေးမှုတွေပြုလုပ်နေတဲ့ စိတ်ပညာရှင် ဒေါ်ဆွေဆွေက “တကယ်လိုအပ်နေတာတွေက အိမ်ထဲတွေမှာလည်း အများကြီးရှိနေတယ်။ လူတန်းစားမရွေးထိခိုက်သွားတာကိုး။ ကျွန်မတို့ ဒါတွေအတွက် အလုပ်လုပ်မယ်ဆို လုပ်စရာအလုပ်တွေက အများကြီးရှိနေတယ်။ သူလည်း မနိုင်ဘူး။ ကိုယ်လည်းမနိုင်ဘူး။ ဒုက္ခရောက်သူ တစ်သောင်းမှာ ကူညီနိုင်သူက ရာဂဏာန်းဖြစ်နေတယ်။ အဲဒီတော့ ကျွန်မအကြံပြုချင်တာက ဧရိယာတစ်ခုကို Focus ဖြတ်ထားရမယ်။ ကျွန်မတို့ Mental health Counseling အဖွဲ့အနေနဲ့ကတော့ အမရပူရ ဘုံးအိုးဘက်ကို အဓိထားတယ်။ အဲဒီမှာ အခက်အခဲဖြစ်နေသူ ရာနဲ့ချီတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ စိတ်ဒဏ်ရာရနေကြတယ်။ ဒါတွေကို ပြန်လည် ထူထောင်နိုင်ဖို့ ဆွေးနွေးဆောင်ရွက်မှုတွေနဲ့ အလျင်အမြန်ကုစားဖို့လည်း လိုအပ်ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။