၂၄. ၁. ၂၀၂၃
Written By Thandar
တေးသီချင်းသစ်တွေနဲ့ ပရိသတ်အားပေးမူ အခိုင်အမာရရှိထားတဲ့ တေးသံရှင် ချယ်ရီသင်းရဲ့ “ဗမာမလေးပါရှင့်” တေးသီချင်းမှာ ငယ်ငယ်ကကလေးဘဝကို ပြန်ရောက်သွားသလို ခံစားမိစေရမယ်လို့ MT News Entertainment ကို ပြောပါတယ်။
ဒီသီချင်းကိုတော့ ဇန်နဝါရီ ၂၄ရက် ညနေ၆နာရီမှာ Cherry Thin YouTube Channel, https://youtu.be/LGfYGMYEEEU, Cherry Thin Page စတာတွေမှာ တင်ပေးသွားမှာပါ။
“ချယ့်ရဲ့ သီချင်း Promo တင်လိုက်ချိန်မှာ Tik Tok မှာဆိုလည်း တစ်ရက်မပြည့်သေးဘူး လူ ၂၀၀၀ ကျော်လောက် လိုက်ဆော့နေကြပြီ။ ပရိသတ်က အခုသီချင်းကို သိပ်သတိထားမိမယ်တောင် ထင်မထားဘူး။ အထိုက်အလျောက် ပရိသတ်လက်ခံကျလို့လည်း ကျေးဇူးတင်ပါတယ်။ ချယ် ကိုယ်တိုင်က မကွေး၊ နတ်မောက်သူဆိုတော့ တောဒေသ တောသဘာဝ မြန်မာ့ဓလေ့ကို၊ မြန်မာ့ရိုးရာကို ချပြချင်တယ်။ ဒီဘက်ခေတ် အနေအထားအရ ဆံရစ်ဝိုင်းလေးကိုလည်း ထိန်းသိမ်းရတာ မလွယ်ပါဘူး။ သူတို့ ဆံရစ်ဝိုင်းကို ထိန်သိမ်းထားလို့လည်း လေးစားဂုဏ်ယူမိပါတယ်။ ဒါကြောင့် စက်စက်ယိုရွာအထိ သွားရောက်ရိုက်ကူးထားတာပါ”လို့ တေးသံရှင် ချယ်ရီသင်းက ပြောပါတယ်။
ဒီသီချင်းကို ၂၀၁၉ အကျော် ၂၀၂၀ လောက်မှာ တေးရေး၊ တေးဆို ထက်လျှံမှူးက ရေးပေးထားတာပါ။ “ဗမာမလေးပါရှင့်” သီချင်းအတွက် ဒါရိုက်တာ Pannita က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ချယ်ရီသင်း၊ ဒေါက်တာ အောင်ကျော်မိုး၊ ကိုစူပါလင်းနဲ့ စက်စက်ယိုရွာက ကလေးတွေနဲ့အတူ စက်စက်ယိုကျေးရွာ အထိသွားရောက်ပြီး အကောင်းဆုံး ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“ဒီသီချင်းလေး ထွက်လာရင်လည်း ကြည့်ကြည့်ပါ။ လုံးဝ နောင်တမရစေရပါဘူးလို့ ပြောချင်ပါတယ်။ ချယ်တို့ ငယ်ဘဝက ကလေးဘဝက နေထိုင်ခဲ့တဲ့ဘဝကို ပြန်ကြည့်ပြီး လွမ်းဆွတ်ဖွယ်ရာ ခံစားချက်မျိုး ပြန်ရစေရမယ်လို့ ပြောချင်ပါတယ်။ ချယ်တို့ ကလေးဘဝထဲက ဆော့ကစားခဲ့တာ အားလုံးထည့်ရိုက်ထားပါတယ်။ စက်စက်ယိုရွာက ရိုက်ခွင့်ပြုတဲ့ ကျောင်းထိုင်ဘုန်းဘုန်းကိုလည်း ကျေးဇူးတင်ပါတယ်။ တီးခတ်မှူအပိုင်းမှာလည်း ရိုးရာယဥ်ကျေးမူနဲ့ ခေတ်ပေါ်တေးဂီတပိုင်းကို အကောင်းဆုံး ဆန်းဆန်းပြားပြားလေး ဖန်တီးပေးထားပါတယ်”လို့ သူမကဆက်ပြောပါတယ်။
ချယ်ရီသင်းကတော့ ခုနောက်ပိုင်း ထွက်ရှိလာတဲ့ တေးသီချင်းသစ်တွေ ဆက်တိုက်ထွက်နေပေမယ့် တစ်ပုဒ်နဲ့ တစ်ပုဒ်မတူအောင် အကောင်းဆုံးကြိုးစား ဖန်တီးနေသူလည်း ဖြစ်ပါတယ်။ သူမက ပရိသတ်ဆီက အများကြီးတော့ မမျှော်လင့်တော့ဘဲ အကောင်းဆုံးသာ ပရိသတ်ကိုချပြချင်တယ်လို့ ဆိုပါတယ်။ အသက်ရှင်နေသ၍ ပရိသတ်ကို မတူညီတဲ့ တင်ဆက်မူတွေလုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။