
၂၁.၄.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မတ်လ ၂၈ ရက်က ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ပြိုကျခဲ့ရတဲ့ ဆောက်လုပ်ဆဲ အထပ် ၃၀ ရှိ မိုးမျှော်အဆောက်အအုံကို ဆောက်လုပ်မှုမှာပါဝင်တဲ့ ကုမ္ပဏီတစ်ခုရဲ့ အမှုဆောင် ကိုယ်စားလှယ် တရုတ်လူမျိုးတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဧပြီလ ၁၉ ရက်က ပြောခဲ့ကြပါတယ်။

ထိုငလျင်လှုပ်ခတ်မှုမှာ ပြိုကျအဆောက်အအုံရဲ့ တည်ဆောက်ဆဲလုပ်ငန်းခွင်ကနေ သေဆုံးနေသူ ၄၇ ဦးကို ပြန်ရှာတွေ့ခဲ့ပြီး အလွန်ကြီးမားလှတဲ့ အပျက်အစီးပုံကြီးအောက်မှာ နောက်ထပ် ၄၇ ဦးက ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
တရားရေးဝန်ကြီး တာဝီးဆော့ဒ်ဆွန်က နိုင်ငံခြားစီးပွားရေး အက်ဥပဒေဖောက်ဖျက်မှုနဲ့ ထိုင်းနိုင်ငံသား သုံးဦးအပါအဝင် လူလေးဦးကို ထိုင်းနိုင်ငံ တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ ဧပြီလ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
တရားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကလည်း သူတို့လေးဦးအနက် Zhang လို့ အမည်ရတဲ့ တရုတ်ကုမ္ပဏီတစ်ခုရဲ့ ကိုယ်စားလှယ်ဖြစ်သူကိုတော့ ဖမ်းဆီးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
သူတို့တွေက China Railway No.10 ကုမ္ပဏီက ဖြစ်ကြပြီး ပြိုကျခဲ့ရတဲ့ နိုင်ငံတော်စာရင်းစစ်ရုံး မိုးမျှော်အဆောက်အအုံကို တည်ဆောက်ဖို့ အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
Zhang က လုပ်ငန်းမှာ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ထိုင်းနိုင်ငံသားသုံးဦးကတော့ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံသားသုံးဦးအနေနဲ့ အခြားနိုင်ငံခြားသား တစ်သီးပုဂ္ဂလတွေအတွက် အစုရှယ်ယာတွေကိုင်ဆောင်ထားတယ်လို့ အထောက်အထားတွေရှိတယ်လို့ ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု စီးပွားရေးအက်ဥပဒေအရ ကုမ္ပဏီတစ်ခုမှာ နိုင်ငံခြားသားတစ်ဦးအနေနဲ့ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းထက် မပိုရပါဘူး။
တာဝီးက အဆောက်အအုံပြိုကျမှုမှာ စစ်ဆေးမှုတချို့ကို ပြုလုပ်နေတယ်လို့ပြောခဲ့ပြီး ဒီထဲမှာ လေလံဆွဲမှုရဖို့ အကြံအဖန်လုပ်တာဖြစ်နိုင်ခြေနဲ့ အဆောက်အအုံတည်ဆောက်ရေးကြီးကြပ်မှု ကန်ထရိုက်တွေမှာ အင်ဂျင်နီယာလက်မှတ်အတုတွေ အသုံးပြုတာတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။
ဧပြီလဆန်းပိုင်းမှာတော့ ကွန်ကရစ်ကြိုတင်အားဖြည့်အနေနဲ့ အသုံးပြုတဲ့ သံမဏိတုံးအချို့ကိုစမ်းသပ်ကြည့်ရာမှာတော့ တချို့က အဆင့်မမီတာတွေ့ရပါတယ်။
Ref- Bangkok Post