
၂၁. ၄. ၂၀၂၅
Written by Nay Moe
တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးမှုနဲ့ အထူးဒေသ (၁) နယ်မြေအဖြစ် လားရှိုးကို ကျူးကျော်သိမ်းပိုက်ထားတဲ့ တရုတ်ကိုးကန့် MNDAA ဆုတ်ခွာအပြီး ဒီနေ့မနက်မှာတော့ ကိုးကန့်အလံတွေဖြုတ်ချပြီး နိုင်ငံတော်အလံကို ပြန်တင်နေကြပြီလို့ ဒေသခံပြည်သူတချို့ထံက သိရပါတယ်။
ဧပြီ ၁၉ ရက်မှာ တပ်မတော်စစ်ကြောင်းတွေနဲ့ အရာရှိတွေ၊ တရုတ်ကိုယ်စားလှယ်တွေ လားရှိုးမြို့ထဲ ဝင်ရောက်နေရာယူ တပ်စွဲတယ်ဆိုတဲ့ သတင်းတွေ၊ ဒီလို အေးအေးချမ်းချမ်းဝင်သိမ်းနိုင်အောင် ‘ဝ’လက်နက်ကိုင် UWSA နဲ့ MNDAA တို့ လုံခြုံရေးယူပေးတယ်ဆိုတဲ့သတင်းတွေနဲ့တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ MNDAA က ဒီနေ့နောက်ဆုံး လားရှိုးက ထွက်ခွာပေးရမယ်ဆိုတဲ့သတင်းတွေကို Exile Media တွေ ဖော်ပြနေပေမဲ့ ပါဝင်တဲ့ဘက်အသီးသီးက ဒီနေ့အထိတော့ တရားဝင်ထုတ်ပြန်လာမှုမရှိသေးပါဘူး။

လားရှိုးမြို့မှာတော့ စစ်ဘေးကြောင့် နေရပ်စွန့်ခွာရသူတချို့ ပြန်ဝင်လာနေပြီဖြစ်သလို ဒီနေ့မနက်အထိလည်း တိုက်ပွဲဖြစ်တာမရှိဘဲ အခြေအနေအေးဆေးနေပြီး ညှိနှိုင်းသူတွေ သွားလာမှသာ လုံခြုံရေးအရ လမ်းယာယီပိတ်တာကလွဲရင် တခြား ပဋိပက္ခရှိမနေဘူးလို့လည်း ဒေသခံပြည်သူတွေဆီက သိရပါတယ်။ (Photo – CJ)