
၂၁. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးနှင့် ပွင့်လင်းရာသီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ဘိလပ်မြေများကို ပြည်ပမှတင်သွင်းခွင့်ပြုခဲ့ရာ ကော့သောင်းနယ်စပ်မှ ဘိလပ်မြေတန်ချိန် ၃၀၀၀ ကျော် ထပ်မံတင်သွင်းရောက်ရှိလာကြောင်းနှင့် အပတ်စဉ် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့် တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။
ယင်းကဲ့သို့ ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသောဘိလပ်မြေ ရေယာဉ်များ စဉ်ဆက်မပြတ် ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် ၃၀၁၀ တင်ဆောင်လာသည့် ရေယာဉ်သည် ရန်ကုန်မြို့ ရွှေပြည်သာ ရွှေမဲဆိပ်ကမ်းသို့ ဧပြီ ၁၈ ရက် ညနေပိုင်းတွင် ထပ်မံရောက်ရှိခဲ့ကာ ဧပြီ ၁၉ ရက် နံနက်ပိုင်း၌ ဈေးကွက်အတွင်း ဖြန့်ဖြူးရန်ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးထားသည်။
ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့်ရေယာဉ်များပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်ပမှတင်သွင်းမှုအပြင် ပြည်တွင်း၌ ဘိလပ်မြေများ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအတွက် လိုအပ်သောစက်မှုကုန်ကြမ်း ကျောက်မီးသွေးများကို ဖေဖော်ဝါရီလမှစတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုထားခြင်းလည်းဖြစ်သည်။