ရေလှောင်တမံများ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုတို့ကို သုတေသနပြုလုပ်ရန်နှင့် ဆည်တာတမံများအတွင်း ရာသီမရွေး ရေရရှိနိုင်ရန်လိုကြောင်းပါ မှာကြား

၂၀. ၄. ၂၀၂၅
Written by Nyein Kyaw
ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် အနာဂတ်တွင် တိုးပွားလာနိုင်မည့် လူဦးရေပမာဏကိုပါ ကြိုတင်မျှော်မှန်းပြီး ရေအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရေး ရေရှည်စီမံကိန်းချမှတ် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏသည် တစ်နှစ်ထက် တစ်နှစ် များပြားလာသည်ကို တွေ့ရှိရကြောင်း၊ ဒေသတွင်းနေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေများ လိုအပ်မည်ဖြစ်ပြီး ရေအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရေးသည် ရေရှည်စီမံကိန်းချမှတ်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသ၏ လက်ရှိလူဦးရေနှင့် နောင်အနာဂတ်တွင် တိုးပွားလာနိုင်မည့် လူဦးရေပမာဏကိုပါ ကြိုတင်မျှော်မှန်း၍ စီမံဆောင်ရွက်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြင်ဦးလွင်မြို့နယ်အတွင်း နေထိုင်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိစေရေးအတွက် တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
လက်ရှိရေရရှိနေသည့် ရေလှောင်တမံများ၏ နှစ်စဉ်ရေရရှိနိုင်မှုနှင့် သိုလှောင်နိုင်မှုပမာဏတို့ကို ဆန်းစစ်သုတေသနပြုလုပ်ရန်လိုကြောင်း၊ ရေအရင်းအမြစ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရေလှောင်တမံများအနီးရှိ ရေဝေရေလဲတောများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ဆည်တာတမံများအတွင်း ရာသီမရွေး ရေရှိနိုင်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံစွာရရှိစေရေး တာဝန်ရှိသူများအနေဖြင့် စီမံဆောင်ရွက်သွားရန်လိုပြီး ဆည်များအတွင်းမှ ကျဆင်းသွားသည့် ရေများကိုလည်း အလေအလွင့်အနည်းဆုံးဖြစ်စေရေး တာ၊ တမံများကို သုတေသနပြု တည်ဆောက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့နယ် ရေဖူလုံစွာရရှိရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် သုတေသနပြုဆန်းစစ်ခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။