
၂၀. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်ကြောင့် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအခြေအနေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး Naypyitaw State Academy အတွင်း ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ အဆောက်အဦများအား ရစ်ချ်တာစကေး ၈ အထိခံနိုင်အောင် ဆောင်ရွက်ရန်နှင့် ဇွန်လ ကျောင်းစတင်ဖွင့်လှစ်ချိန် မတိုင်မီ ပြုပြင်သွားရန် မှာကြားသည်။

ငလျင်ကြောင့် ဘွဲ့လွန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်အခြေအနေ၊ ဆေးပညာသင်ကြားရေးအဆောင်၊ စီးပွားရေးပညာသင်ကြားရေးအဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာသင်ကြားရေးအဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေး အဆောင်တို့၏ ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပင်မ Column တိုင်နှင့် Beam တို့အား စစ်ဆေးချက်အရ ထိခိုက်မှုလုံးဝမရှိဘဲ အဆောင်လိုက် အုတ်နံရံအချို့ ပလာစတာကွဲအက်၊ ကွာကျနေခြင်းသာရှိ၍ ဇွန်လ ကျောင်းစတင်ဖွင့်လှစ်ချိန် မတိုင်မီအပြီးပြုပြင်သွားရန် SAC ဒုတိယဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ဆောက်လုပ်ဆဲ ဘွဲနှင်းသဘင်ခန်းမနှင့် ဆောက်လုပ်ဆဲ (၆)ထပ် ဆောင်တို့အား ကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာအသင်းချုပ်၊ အင်ဂျင်နီယာကောင်စီနှင့် ငလျင်ပညာရှင်များ၏ စစ်ဆေးချက်အရ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း တွေ့ရှိရကြောင်း သိရသည်။

Naypyitaw State Academy အတွင်းရှိ ဆောက်လုပ်ပြီး အဆောက်အဦများနှင့် ဆောက်လုပ်ဆဲ အဆောက်အဦများအား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး ၇ ခံနိုင်သည့် ဒီဇိုင်း ပုံစံအတိုင်း ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ပြန်လည်ရေးဆွဲလျက်ရှိသည့် ရစ်(ခ်)တာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦ ဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရန် SAC ဒုတိယဥက္ကဋ္ဌက မှာကြားခဲ့သည်။