MT News
Written by Ye Kyaw
Imperial Myanmar Finance Co., Ltd (IM Finance) သည် Money Changer လိုင်စင်ကို သီးခြားလျှောက်ထားခြင်းမရှိဘဲ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှာပင် ဆောင်ရွက်နေသဖြင့် ၎င်း၏ Money Changer လိုင်စင်အား ရုပ်သိမ်းလိုက်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသည့် Imperial Myanmar Finance Co., Ltd (IM Finance) သို့ On Site သွားရောက် စစ်ဆေးရာတွင် အဆိုပါကုမ္ပဏီအမည်ဖြင့် Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့ရသည်။
သို့ဖြစ်ပါ၍ Imperial Myanmar Finance Co., Ltd သည် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချက်မှတ်ထားသည့် မူအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပေးခဲ့သည့် Money Changer လိုင်စင်အမှတ်၊ စီဘီအမ်-အက်ဖ်အီးအမ်ဒီ- ၄၈၇/၂၀၂၀ အား ဇန်နဝါရီ ၁၉ ရက်မှစ၍ ရုပ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းအောက်မှမဟုတ်ဘဲ သီးခြားကုမ္ပဏီ သို့မဟုတ် မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရန်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူ ချမှတ်ထားသည်။