
၂၀. ၄. ၂၀၂၅
Written by Nyein Kyaw
ဧပြီ ၂၀ ရက် (ယနေ့)အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၃၅ ဦးအထိရှိလာခဲ့ပြီး သေဆုံးဒဏ်ရာရရှိသူများကို ထောက်ပံ့ကြေးများအပြင် နေအိမ်ဆုံးရှုံးသူများကိုလည်း နေအိမ်အမျိုးအစားအလိုက် ထောက်ပံ့ကြေးများပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒီနေ့ ၂၀ ရက်နေ့မှာတော့ ငလျင်ဒဏ်ကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးစာရင်းအနေနဲ့ သေဆုံးသူစုစုပေါင်း ၃၇၃၅ ဦးဖြစ်ပါတယ်။ ဒဏ်ရာရရှိသူစုစုပေါင်း ၅၁၀၈ ဦးအထိရှိပြီး ပျောက်ဆုံးသူ ၁၂၀ ဦးရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း မိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့သလို သေဆုံးဒဏ်ရာရရှိသူများကို ထောက်ပံ့ ကြေးများ ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် နေအိမ်ဆုံရှုံးခဲ့သူများအတွက် နေအိမ်အမျိုးအစားအလိုက်လည်း ထောက်ပံ့ကြေးတွေပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာ့ငလျင်ဘေးဒဏ်အတွက် နိုင်ငံတကာမှ အကူအညီရောက်ရှိမှုအနေဖြင့် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လေယာဉ် ၁၄၅ ခေါက်၊ တရုတ်နိုင်ငံမှ ကား ၂၃ စီး၊ အိန္ဒိယနိုင်ငံမှ သင်္ဘော ၅ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သင်္ဘော ၁ စီးတို့ဖြင့် ကယ်ဆယ်ရေးဝန်ထမ်း ၂၉၄ ဦး၊ ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂၅၁၄ ဒသမ ၆ တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁၁၉၇ ဒသမ ၁၂ တန် ရောက်ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။