




၂၀. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားသည့် အခြေအနေများကို ယနေ့တွင် သွားရောက်ကြည့်ရှုအားပေးသည်။
SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို မေးမြန်းလျှောက်ထားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တစ်ဦးချင်း လိုက်လံတွေ့ဆုံ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့ပြင် ဆေးရုံ၌တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံမေးမြန်းပြီး SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ထို့နောက် SAC ဥက္ကဋ္ဌသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံအထူးကြပ်မတ် ကုသဆောင်အတွင်း ကုသမှုခံယူရလျက်ရှိသည့် ဆရာတော်တစ်ပါးနှင့် အရပ်သားပြည်သူ နှစ်ဦးနှင့် အမျိုးသမီးနှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် သာသနာနွယ်ဝင်သီလရှင် ဆရာကြီးနှစ်ပါးအားတို့အား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စား သောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား သက်ဆိုင်ရာဒေသ အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ကုသပေးနိုင်မှုအနေဖြင့် ဆေးရုံများသို့ ပြင်ပလူနာအဖြစ် လာရောက်ကုသမှုခံယူခဲ့သည့် သံဃာတော် ၁၅ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သားပြည်သူ ၅၀၁၆ ဦးလိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုပြင်းထန်သဖြင့် လက်ရှိအချိန်အထိ ဆေးရုံတက်ရောက်ကုသမှုခံ ယူနေသူ သံဃာတော် ၅၁ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သားပြည်သူ ၄၇၆ ဦးတို့ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ရောဂါသက်သာပျောက်ကင်းသည်အထိ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်