
၂၀. ၄. ၂၀၂၅
Written by Nay Moe
ပြည်သူများ ငလျင်ဘေးကျရောက်နေချိန် အပစ်ရပ်မည်ကြေညာထားသည့် NUG ၏ ကြေညာချက်ကို PDF များက မလိုက်နာဘဲ တိုက်ခိုက်သတ်ဖြတ်မှု ဆက်လက်ကျူးလွန်နေသလို ယနေ့တွင်လည်း အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာနေ ငါးရှဉ့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးကို အလှူမဏ္ဍပ်အနီးတွင် ဦးခေါင်းတည့်တည့်ပစ်သတ်ကာ ပါသမျှအကုန် လုယက်မှု ကျူးလွန်လိုက်ကြပြန်သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာနေ ငါးရှဉ့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးသည် ငရှဉ့်ရိုးရွာ အလှူ၌ ရောက်ရှိနေကြောင်း သတင်းအရ ယနေ့နံနက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ PDF များက ငါးရှဉ့်ရိုးရွာလယ် အလှူမဏ္ဍပ်အနီး သေနတ်ဖြင့် ဦးခေါင်းတည့်တည့် အနီးကပ် ၁ ချက် ပစ်ခတ် သတ်ဖြတ်လိုက်ပြီး ၎င်းထံမှ လက်ပစ်ဗုံး ၂ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၀၀၀၀၀ကျပ်နှင့် မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့သည်ဟု ပြောသည်။






အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးသည် တပ်က ထုတ်ပေးထားသည့် သေနတ်နှင့် လက်ပစ်ဗုံးပြ၍ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံခြင်း၊ လူငယ်များကို အတင်းအကြပ် ပေါ်တာဆွဲ ဖမ်းဆီးရုံသာမက အသက် ၆၀ ကျော်အရွယ် အမျိုးသားများကိုပါ ပေါ်တာဆွဲဖမ်းဆီး၍ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ PDF များနှင့် ပြည်သူများအား ဆဲဆိုစိန်ခေါ်ပြီး အုတ်ဖိုမြို့ အနောက်ခြမ်းရှိ ကျေးရွာများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် သတ်ဖြတ်သည်ဟု ကျူးလွန်သည့် အုတ်ဖို PDF က ဆင်ခြေပေးသော်လည်း ထိုစွပ်စွဲချက်များ မှန် မမှန် MT News က အတည်မပြုနိုင်ချေ။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။