လောင်းကစားဝိုင်းများကို PDF တို့ လုပ်ကိုင်နေဟုပါ ဖွင့်ချ သေဖော်ညှိ



၂၀. ၄. ၂၀၂၅
Written by Nay Moe
ရေနံတူးဖော်မှုအပြင် KTV နှင့် ပြည့်တန်ဆာခန်းများဖွင့်ကာ နေ့စဥ်ကျပ်ဘီလျံချီဝင်အောင် စီးပွားရှာနေသည့် မြိုင်ပကဖက ပြည်သူများ လောင်းကစားလုပ်လျင်မူ အရေးယူမည် ခြိမ်းခြောက်စာကို ယနေ့ထုတ်ပြန်လာသည်။
ထုတ်ပြန်စာအရ မိမိတို့မြို့နယ်အတွင်း လောင်းကစားဝိုင်းများ မပြုလုပ်စေရေး အကြိမ်ကြိမ် တားမြစ်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိမြေပြင်တွင် လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်နေသည်ကို ပြည်သူလူထု၏ တိုင်တန်းချက်များအရ ကြားသိနေရကြောင်း၊ တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသည့် ရဲဘော်များ၊ ထိခိုက်ဒဏ်ရာ ရရှိသည့် ရဲဘော်များကို ကိုယ်ချင်းစာစေလိုပြီး ကြားသိရချက်များအပေါ် မူတည်၍ စဉ်းစားသုံးသပ်မှု ပြုလုပ်ရာတွင် တော်လှန်ရေးအဖွဲ့အစည်းများ ဆက်နွှယ်နေသည်ကို လက်တွေ့ကျကျ တွေ့မြင်နေရကြောင်း KTV နှင့် ပြည့်တန်ဆာခန်းဖွင့်ကာ စီးပွားရှာနေသည့် မြိုင်ပကဖက သေဖော်ညှိသည်။
ထို့ပြင် တော်လှန်ရေးကာလဖြစ်၍ တော်လှန်ရေးအရှိန်အဟုန် မပျက်စေရေး လက်နက်ကိုင်အဖွဲ့များမှ တွန်းထိုးဆောင်ရွက်နေရမည်ဖြစ်ပြီး ပြည်သူလူထုအမြင်တွင် ကြည်ညိုမှု၊ ယုံကြည်မှု အားနည်းစေမည့် လုပ်ရပ်များ ရှောင်ကျဉ်ကြရန် ချပြရှင်းလင်းထားရှိခဲ့ပြီးဖြစ်ကြောင်း၊ လောင်းကစားပြုလုပ်မှုများကြောင့် တော်လှန်ရေးလုပ်ငန်းများ လျော့ကျနေခြင်း၊ စီးပွားရေးပျက်ပြားခြင်း၊ ခိုက်ရန်ဖြစ်ပွားနိုင်ခြင်း၊ အများပြည်သူ့အမြင်တွင် အထင်သေးခံရခြင်း၊ ယုံကြည်မှုမရှိခြင်း၊ မြို့နယ်တွင်း ခိုး/ဆိုး/လု/နိုက်ကိစ္စရပ်များ နှင့် သတ်ဖြတ်လုယက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပြီး ဘဝတစ်ခုလုံး ပျက်ဆီးစေနိုင်ကြောင်း၊ အသက်အရွယ်ကြီးရင့်သူများမှ မိမိတို့၏ လောင်းကစားပြုလုပ်ခြင်းများကို ထိန်းသိမ်းရမည်ဖြစ်ပြီး မိမိတို့၏ သား/သမီးနှင့် အနာဂတ်လူငယ်များအား နည်းပေးလမ်းပြသဖွယ် ဖြစ်ပေါ်နေသည်ကို သတိချပ်ဝင်ရမည်ဖြစ်ကြောင်း၊ မိမိတို့တော်လှန်ရေးတပ်ဖွဲ့ဝင်များသည်လည်း လောင်းကစားကိစ္စရပ်များအား စုံစမ်းစစ်ဆေး ဖမ်းဆီးရန်နှင့် ပါဝင်ပတ်သက်ခြင်း မပြုစေရေးအတွက် ဦးဆောင်ရသည့် ခေါင်းဆောင်များမှ နေ့စဉ် ပြောကြားပေးရန် လိုအပ်ကြောင်း၊ မြို့နယ်အတွင်း လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ဟု သတင်းရရှိပါက အဖွဲ့အစည်းအသီးသီးတို့ အကြောင်းပြုပြီး ဝင်ရောက်ဖမ်းဆီးခဲ့သည်ရှိသော် ဦးဆောင်ပြုလုပ်သူအား ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး လောင်းကစားဝိုင်းအတွင်းရှိသည့် ငွေကြေးနှင့် ပစ္စည်းများအား မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံ နှင့် အကြီးအကဲများထံတင်ပြပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးထိန်းသိမ်း၍ ကြီးလေးသော ပြစ်ဒဏ်ပေး အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။