ယူကရိန်းသမ္မတ ဇယ်လန်စကီးက အပစ်အခတ်ရပ်စဲရေးကို ရက် ၃၀ အတိ တိုးချဲ့လိုကြောင်း တုံ့ပြန်

၂၀.၄.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားတပ်မတော်စစ်ဦးစီးချုပ် ဗာလီရီ ဂီရာဆီမော့ဗ်ရဲ့ကရင်မလင် နန်းတော်မှာ အစီရင်ခံမှုတစ်ရပ်အပြီးမှာတော့ ရုရှားအနေနဲ့ သူ့တိုက်ခိုက်မှုတွေအားလုံးကို ဧပြီလ ၂၁ ရက်၊ မော်စကိုစံတော်ချိန် ၀၀း၀၀ နာရီအထိ ရပ်ဆိုင်းထားမယ်ဆိုတာကြေညာခဲ့ပြီး ယူကရိန်း အနေနဲ့လည်း အပြန်အလှန်တုံ့ပြန်ဆောင်ရွက်မှုပြုဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ဂီရာဆီမော့ဗ်က ရုရှားတပ်မတော်ရဲ့စစ်သေနာပတိလည်းဖြစ်တဲ့ သမ္မတပူတင်ကို ကာ့စ်ခ်ဒေသရဲ့ နယ်မြေအများစုက ယူကရိန်းတပ်ဖွဲ့တွေလက်အောက်မှ လွတ်မြောက်ခဲ့ပြီး ရန်သူအုပ်စုတစ်စုဟာ ဘယ်လ်ဂို ရော့ဒ်ဒေသအတွင်းရှိ ရွာတစ်ရွာမှာ ဝိုင်းပတ်ခံထားရတယ်လို့ ပြောခဲ့ပါတယ်။
သမ္မတပူတင်ရဲ့ကြေညာချက်မှာရုရှားတပ်ဖွဲ့တွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုစဉ်းစားချက်တွေ အရ ဧပြီလ ၁၉ ရက် မော်စကိုစံတော်ချိန် ၁၈း၀၀ နာရီ(မြန်မာစံတော်ချိန် ဧပြီလ ၁၉ ရက် ည ၂၃း၃၀ နာရီ) ကနေ ဧပြီလ ၂၁ ရက်၊ မော်စကိုစံတော်ချိန် ၀၀း၀၀ နာရီအထိ အပစ်အခတ်ရပ်ဆိုင်း ထားမယ်လို့ဖော်ပြခဲ့တာပါ။
နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲမှုအတွက် ပူတင်က “အီစတာပွဲတော်ကာလအတွင်း ကျွန်တော်ကတော့ အပစ်အခတ်ရပ်စဲရေးတစ်ရပ် အမိန့်ပေးခဲ့ပါတယ်။ ယူကရိန်းဘက်ကလည်း ဒီလိုပဲ လိုက်ပါဆောင်ရွက်ဖို့မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ပူတင် က ” ရုရှားတပ်ဖွဲ့တွေအနေနဲ့ ရန်သူရဲ့တိုက်ခိုက်မှုမျိုးတွေအပါအဝင် အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုတွေနဲ့ ရန်စလာမှု အလားအလာတွေကိုတော့ သတိဝီရိယရှိနေကြရမှာပါ” လို့ ပြောခဲ့ပါတယ်။
ဂီရာဆီမော့ဗ်ရဲ့ အစီရင်ခံစာမှာလည်း ကာ့စ်ခ်ဒေသရဲ့ ခရိုင်အများစုဟာ ယူကရိန်းတို့လက်အောက်မှ ပြန်လည်လွတ်မြောက်ပြီး အကျယ်အဝန်းအားဖြင့် ၁,၂၆၀ စတုရန်းကီလိုမီတာ(ဒေသရဲ့ ၉၉ ဒသမ ၅ ရာခိုင်နှုန်း) ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။
ရုရှားရဲ့အီစတာပွဲတော် နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲရေးကြေညာချက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်း သမ္မတ ဇယ်လန်စကီးက အပစ်အခတ်ရပ်စဲရေးကို ရက် ၃၀ ကာလအထိ တိုးချဲ့သွားလိုတယ်လို့ ဧပြီလ ၁၉ ရက်မှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
ဇယ်လန်စကီးက အပစ်အခတ်ရပ်စဲရေးကာလကို အီစတာပွဲတော်ပြီးပေမယ့် ယူကရိန်းက ဆက်လက် တိုးချဲ့သွားလိုတယ်။ နာရီ ၃၀ လောက်အပစ်အခတ်ရပ်တာနဲ့ နှစ်ဖက်ကြား အမှန်တကယ်ယုံကြည် စိတ်ချရမှု တည်ဆောက်ရေးကို မဖြစ်နိုင်ဘူး။ ရက် ၃၀ လောက်ဆိုရင်တော့ ဒီအခွင့်အရေးကိုပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ရုရှားဘက်ကသာ အရင်က အမေရိကန်က အဆိုပြုထားခဲ့တဲ့ ရက် ၃၀ အပစ်အခတ်ရပ်စဲရေး စည်းကမ်းသတ်မှတ်ချက်တွေကို သဘောတူခဲ့ရင် ယူကရိန်းဘက်ကလည်း ဒီကာလအတွက် အကြွင်းမဲ့ အပစ်အခတ်ရပ်စဲရေးစတင်ဖို့ အဆင်သင့်ပါလို့ ပြောခဲ့ပါတယ်။
Ref- Tass, Kyiv Independent