
၁၉.၄.၂၀၂၅
Written by Tha Doe
မန္တလေးငလျင်ကြီး၏ ဘေးဒဏ်ထိခိုက်မှုများကြောင့်ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီးအတွက် ငွေကျပ် ၅၀ ဘီလျံနှင့် မန္တလေးတိုင်းဒေသကြီးအတွက် ငွေကျပ် ၆၀ ဘီလျံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ရှိသူများထံ ယနေ့ ပေးအပ်လိုက်သည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအထိ သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦး ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက သိရသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ယနေ့အထိ နောက်ဆက်တွဲ ငလျင် ၁၄၇ ကြိမ်လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများအနေဖြင့် နေအိမ်/အဆောက်အဦ ၆၅၀၉၆ လုံး၊ စာသင်ကျောင်း ၂၅၁၄ ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း ၄၃၁၇ ကျောင်း၊ ဘုရားစေတီ ၆၀၂၇ ဆူ၊ ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်(လမ်းပိုင်း) ၂၀၃ ခု၊ ဆည်/တမံ ၅၈၆ ခုနှင့် တံတား ၁၇၀ စင်းတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။
အဆိုပါငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးရသည်များ ပြန်လည်ထူမရေး နိုင်ငံတော်က ကျပ်ဘီလျံ ၅၀၀ မ,တည်ထားသလို လုပ်ငန်းရှင်များနှင့်ပြည်သူများက ကျပ်ဘီလျံ ၁၂၀ ဝန်းကျင် ပါဝင်ကူညီထားသည့်အပြင် နိုင်ငံနှင့် ဒေသ ၂၆ ခုမှ ကယ်ဆယ်ရေးအကူအညီ တန် ၃၅၀၀ ကျော် ရောက်ရှိထားသော်လည်း အကူအညီများစွာ လိုအပ်နေဆဲဖြစ်သည်။