
၁၉. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ကိုင်းမြို့(အင်းဝ)တံတား ပြိုကျပျက်စီးခဲ့မှုအခြေအနေများနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
SAC ဥက္ကဋ္ဌက ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စစ်ကိုင်းမြို့(အင်းဝ)တံတား ပြိုကျပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ အဓိက ရေလမ်းကြောင်းများပေါ်တွင် ကျရောက်လျက်ရှိသည့် တံတား အပိုင်း ၄ နှင့် ၅ တို့မှ သံဘောင်များအား မိုးမကျမီကာလအတွင်း ဆယ်ယူဖယ်ရှားနိုင်ရေး လုပ်ငန်းများ အမြန်ဆုံးစတင်ဆောင်ရွက်၍ ရေလမ်းကြောင်း အစုန်/အဆန် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့နောက် ရတနာစေတီဆင် များရှင်ဘုရားကြီးသို့ ရောက်ရှိပြီး အပျက်အစီးများ ရှင်းလင်းနေမှုအပေါ် ကြည့်ရှုစစ်ဆေးပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်း၌ နေရာချထားမှုများနှင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပြန်လည်ပြုပြင်၍ ရနိုင်သေးသည့်ကျောင်းဆောင်များအား ကျောင်းဖွင့်ချိန်မတိုင်မီ စနစ်တကျ ပြန်လည်ပြုပြင်ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက် သွားရန်၊ ပြုပြင်၍မရသည့် အန္တရာယ်ရှိကျောင်းဆောင်များကို စနစ်တကျဖြိုချသွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် SAC ဥက္ကဋ္ဌသည် စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြပြီး ယာယီဆေးရုံ အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၊ သီလရှင် ဆရာလေးများနှင့် ဒေသခံပြည်သူများအား ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေမှုများနှင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှု၍ အားပေး စကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများနှင့် စားသောက် ဖွယ်ရာများကို ပေးအပ်ခဲ့သည်။
SAC ဥက္ကဋ္ဌသည် ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀) ပြည့်အားကစားကွင်း၌ အခြေပြု၍ ငလျင်ဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့များ၏ ယာယီဆေးရုံ ဆောက်လုပ်လျက်ရှိသည့် နေရာသို့ရောက်ရှိကြပြီး ဆေးကုသရေးအဖွဲ့ များအား ရင်းရင်း နှီးနှီးတစ်ဦးချင်းနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားသည်။
သီတဂူဝိပဿနာကျောင်းတိုက်သို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရအား ဖူးမြော်ကြည်ညိုကာ ငလျင်ဘေးဒဏ် ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော် များကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် SAC ဥက္ကဋ္ဌနှင့်ဇနီး မိသားစုမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၂၀၀ နှင့် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် ဘိလပ်မြေတန်ချိန် ၁၅၀၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဆွမ်းဦးပုညရှင် စေတီတော်တွင် အဆောက်အဦ ပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားခြင်းဆောင်ရွက်နေမှု၊ ရိုင်တန်းရပ်ကွက်ရှိ မဟာစေတီတော်အား လုံးတော်ပြည့်ငုံ၍ ပြုပြင်မွမ်းမံတည်ဆောက် နေမှုနှင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ရှင်းလင်းဖယ်ရှားနေမှုများကို SAC ဥက္ကဋ္ဌက လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားသို့ ရောက်ရှိကြပြီး SAC ဥက္ကဋ္ဌနှင့်ဇနီးတို့က ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ငလျင်ဒဏ်ကြောင့် ဗုဒ္ဓရုပ်ပွားတော်မြတ် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။