



၁၉.၄.၂၀၂၅
Written By Zun
မန္တလေးတွင် ငလျင်ဒဏ်သင့်သူများအား အနည်းဆုံး ငါးနှစ်နှင့်အထက် ကယ်ဆယ်ကူညီထောက်ပံ့နိုင်မည့် စင်တာတစ်ခု အခိုင်အမာ တည်ဆောက်နေကြောင်း KBZ Foundation က သိရသည်။
ယင်းကို KBZ Foundation က တည်ဆောက်နေခြင်း ဖြစ်ပြီး စင်တာအမည်ကို KBZ Center Mandalay (ကမ္ဘောဇကယ်ဆယ်ကူညီထောက်ပံ့ရေး စင်တာ)ဟု အမည်ပေးထားကာ ငွေကျပ် ၄၅ ဘီလျံကို KBZ Foundation နာယက ဦးအောင်ကိုဝင်းက ကနဦး မ,တည် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါစင်တာမှာ ဧပြီလ ၁၈ ရက်အထိ လုပ်ငန်းတစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ယင်း စင်တာတွင် ၂၄ နာရီ ကွပ်ကဲမှုရုံးခန်း၊ Call Center, Information & Administration Center, ကုသရေး စင်တာ၊ Medical & First Aid Point များနှင့် Doctor Consultant Room များအခန်း၊ အစည်းအဝေးခန်း၊ ဆရာဝန်နားနေခန်းများ၊ နာ့စ်နားနေခန်းများ၊ ECG & Ultra Sound Room, သွေးထုတ်ခန်း၊ ဆေးပေးခန်း၊ ကျန်းမာရေး ပညာပေးရေးအခန်းများပါဝင်ကြောင်း သိရသည်။
ယင်းအပြင် အသေးစားခွဲစိတ်ခန်း၊ စိတ်ကျန်းမာရေးကုသခန်း ၂ နှင့် ဆေးခန်း ၁၁ ခန်းထားရှိပြီး အထူးကု ဆေးခန်းအတွက် (၄ ) ခန်းနှင့် အထွေထွေကုသရန် အတွက် အခန်း (၇) ခန်းဖြင့် တစ်ရက်ကို လူနာ ၇၀၀ ဝန်းကျင်အခမဲ့ ဆေးကုသပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
အလားတူ ကားပါကင် အစီး ၈၀ ဆန့်နေရာ၊ VIP နှင့် အရေးပေါ်လူနာကားပါကင်၊ ဆိုင်ကယ်ကားပါကင်များပါ စနစ်တကျ စီစဉ် ဆောက်လုပ်ထားကြောင်း၊ အများပြည်သူအတွက်လိုအပ်သော ရေ၊ မီး၊ အစားအသောက်နှင့် ဆေးဝါးများကို စဉ်ဆက်မပြတ် ထောက်ပံ့ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ တစ်ကြိမ်လျှင် လူ ၁၄၀ ခန့် ထမင်းစားနိုင်သော အခမဲ့ ထမင်းစား ဆောင်၂ ဆောင်၊ တစ်ပြိုင်တည်း (၂၄) ဦး အသုံးပြုနိုင်သော အများသုံး အခမဲ့ ကျားမ ရေချိုး ခန်းများ၊ အခမဲ့ သန့်စင်ခန်းများ၊ အခမဲ့ ယာယီ ဂက်(စ်) မီးဖိုဆောင်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။