မြန်မာနိုင်ငံရှိ မိခင်ကျန်းမာရေးအတွက် အရေးပေါ်ငွေလိုနေ၍ လုပ်မိလုပ်ရာ လုပ်မိခဲ့ခြင်းဖြစ်ဟု ဆို




၁၉.၄.၂၀၂၅
Written By Zun
ထိုင်းအမျိုးသမီး၏ ဦးခေါင်းကို ဘီယာပုလင်းဖြင့် ရိုက်၍ ဆွဲကြိုးလုယူထွက်ပြေးသည့် မြန်မာနိုင်ငံသားအား ယနေ့ ဧပြီလ ၁၉ ရက်က ဖမ်းမိပြီဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ဖမ်းမိသူမှာ ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ချုမ်ဖွန်မြို့၊ အမှတ် (၁၁) ၊ ဝိနိုင်နူယာကျေးရွာတွင် ကုန်စုံဆိုင် ဖွင့် ထားသူ အသက် ၅၃ နှစ်အရွယ် ထိုင်းအမျိုးသမီးအား ဈေးဝယ်ယူမည့်သူအသွင်ယူဟန်ဆောင်၍ လက်အုပ်ချီလျက် မင်္ဂလာပါဟု ထိုင်းစကားဖြင့် ပြောဆိုပြီးနောက် ဘီယာပုလင်းဖြင့် ရိုက်နှက်၍ တစ်ကျပ်သားခန့်ရှိ ဆွဲကြိုးကို လုယက်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် အဆိုပါ ကျူးလွန်သူ အသက် ၃၅ နှစ်အရွယ် ကိုအောင်(ခေါ်)ကိုသူရဖြိုးဆိုသူအား သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက် ပိုက်စိပ်တိုက်ရှာဖွေပြီးနောက် သူနေထိုင်ရာ ချုမ်ဖွန်ခရိုင်၊ စဝီမြို့နယ်၊ နာစတ် ကျေးရွာရှိ တဲအိမ်အတွင်း ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိုင်းအမျိုးသမီး၏ ဦးခေါင်းကို ဘီယာပုလင်းဖြင့် ရိုက်၍ ဆွဲကြိုးလုယူထွက်ပြေးသည့် မြန်မာနိုင်ငံ သား သတင်းကို MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။
ယနေ့ ဧပြီလ ၁၉ ရက်တွင် တရားခံဖမ်းမိပြီးနောက် စစ်ဆေးမှုပြုလုပ်ရာ ၎င်းအနေဖြင့် ချုမ်ဖွန်မြို့၊ အမှတ် (၁၁) ၊ ဝိနိုင်နူယာကျေးရွာတွင် ခြံလုပ်သားအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်း ၊ အလုပ်မလုပ်ရသောကြောင့် ငွေကြေးမရှိဖြစ်နေချိန် မြန်မာနိုင်ငံမှမိခင်ဖြစ်သူကျန်းမာရေးအတွက် အရေးပေါ်ငွေလိုနေသောကြောင့် လုပ်မိလုပ်ရာ ကျူးလွန်ခဲ့မိသည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၃၅ နှစ်အရွယ် ကိုအောင်(ခေါ်)ကိုသူရဖြိုးအား ဝိနိုင်နူယာရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။