




၁၉.၄.၂၀၂၅
Written By Thandar
အဝေးရောက် တိုင်းချစ်ပြည်ချစ် လူမူရေးအဖွဲ့တို့က သွေးချင်းမောင်နှမများနဲ့ မြန်မာနိုင်ငံက စိတ်အားထက်သန်တဲ့အဖွဲ့တွေက ကိုလူချောအဖွဲ့ကို ရဟန်းခံရှင်ပြုပေးတဲ့ ရေစက်အတူ တို့အလှူ အခမ်းအနားကို ယနေ့ ဧပြီ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပညာရာမိကမဟာ(A)တိုက်မှာ ကျင်းပခဲ့ပါတယ်။
“တကယ်တော့ ပြည်ပနိုင်ငံတွေဖြစ်တဲ့ အမေရိက၊ စင်ကာပူ၊ ဥရောပတို့က အဝေးရောက်မြန်မာတွေပေါ့။ အနုပညာကို ချစ်မြတ်နိုးကြတယ်။ ဘာသာပေါင်းစုံ အလှူပါ။ ကိုလူချောအဖွဲ့ကိုချစ်တဲ့သူတွေက ခုလိုလှူဒါန်းပေးကြတာပါ။ နိုင်ငံခြားမှာနေပေမယ့် ကိုယ့်နိုင်ငံကိုချစ်စိတ်နဲ့ အမြဲတမ်း ကိုယ့်နိုင်ငံလိုအပ်ချက်ကို ဖြည့်ဆည်းပေးကြတာပါ။ နိုင်ငံပေါင်း ၂၀ က ပါဝင်ကြတာပါ။ ကျွန်တော်တို့က လုပ်ကြတာမဟုတ်ပါဘူး။ ကိုလူချောတို့အလှူကို ရှပ်ရှင်ညီအစ်ကိုမောင်နှမတွေ လာဝန်းရံကြတာကို မြင်ရတာပျော်တယ်”လို့ သရုပ်ဆောင် မိုးစက်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်း၊ ဝတ္ထုအစုံဆက်ကပ်ပြီးတော့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ဒ့ါပြင် ကိုလူချောအဖွဲ့ (လူကြမ်းသရုပ်ဆောင်များအဖွဲ့) ရဲ့မိသားစုဝင်တွေကို ရဟန်းခံ၊ရှင်ပြုခဲ့ပြီး စစ်နိုင်သီဟဦးနဲ့ မေမိုးတို့က အကနဲ့ ဖျော်ဖြေပေးခဲ့ကြပါတယ်။
“နိုင်ငံခြားရောက်ပြီး အဆင်ပြေသူရှိသလို အဆင်မပြေသူတွေလည်းရှိကြမှာပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ရဟန်းခံ ရှင်ပြုပွဲကို လုပ်ပေးကြတာပါ။ နိုင်ငံခြားရောက်နေလည်း ကိုယ့်နိုင်ငံဘာပဲဖြစ်ဖြစ်စောင့်ကြည့်ပြီး ဘာသာလူမျိုးပေါင်းစုံ ကူညီပေးကြတာကို ပီတိဖြစ်ရပါတယ်”လို့ လူကြမ်းကောင်းကျော်က ပြောပါတယ်။