MT News
Written By Thandar
နယ်ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် စစ်နိုင်ကတော့“မနုဿ ဒုလ္လဘ” (ရခဲလှတဲ့ လူ့ဘဝ) ဇာတ်လမ်းတွဲမှာ အရမ်းကို စရိုက်ကြမ်းဆိုးသွမ်းတဲ့ ညိုကြီး ကာရိုက်တာနဲ့ ပရိသတ်မြင် တွေ့ရမှာပါလို့ သူက ပြောပါတယ်။
“ကျွန်တော် ဒီဇာတ်လမ်းတွဲ ရိုက်ဖို့ ၄ နှစ်လောက် အားခဲထားတာပါ။ ကိုယ်လိုချင်တဲ့ ကာရိုက်တာ တစ်ခုကို မွေးလို့ရပြီမို့ စပြီး ရိုက်ဖြစ်တာပါ။ဒီဇာတ်လမ်းက ဒါရိုက်တာနဲ့ ကျွန်တော်နဲ့ တိုင်ပင်ထားတဲ့ ဇာတ်လမ်းပါ။ လွန်ခဲ့တဲ့ ၄ နှစ်က ရိုက်ချင်ခဲ့တဲ့ ဒါရိုက်တာလည်း ဖြစ်တယ်။ ဒီကားထဲက ညိုကြီး ဇာတ်ကောင်က အရမ်းကို စရိုက်ကြမ်းတယ်။ မိဘလည်း ဆုံးမ မရဘူး။ အမေကိုယ်တိုင်က ဆိုးသွမ်းနေတဲ့သားကို ထိန်းမရဘဲ သားဖြစ်သူက လူသတ်တဲ့အထိ ရောက်သွားတာ”လို့ သရုပ်ဆောင် စစ်နိုင်ကပြောပါတယ်။
”မနုဿ ဒုလ္လဘ” ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကနုတ်မေ ၊ ဇာတ်ညွှန်း ကိုငယ်(စိတ်ပညာ)က ရေးသားပြီးတော့ ဒါရိုက်တာ မင်းဇော်က ရိုက်ကူးထားသလို သရုပ်ဆောင်တွေဖြစ်တဲ့ စစ်နိုင် ၊ မြတ်ကေသီအောင် ၊ ခင်စိုးပိုင် ၊ ဝါဝါအောင် ၊ သာသာ ၊ စံပယ်သဲမောင် ၊ သွန်းဆုနဒီ ၊ ခိုင်သဇင် ၊ ကြယ်စင်ရှိုင်း ၊ ငြိမ်း ၊ အောင်ခိုင် ၊ ဝင်းမြိုင် ၊ မင်းဇော် ၊ ဖိုးကျော် (သန်လျင်)ဒေါင်းဝေ ၊ လင်း အောင်၊ မျိုးကို စတဲ့ အနုပညာရှင်တွေက ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
“မနုဿ ဒုလ္လဘ” ဇာတ်လမ်းတွဲကို စစ်နိုင်ကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးပြီးတော့ ၂၅ မိနစ်စာ အပိုင်း ၁၅ ပိုင်းတင်ဆက်သွားမယ်လို့ သိရပါတယ်။
“ကျွန်တော်အနေနဲ့ ဆိုးသွမ်းနေတဲ့ ကာရိုက်တာ သရုပ်ဆောင်ထားတာကတော့ ပရိသတ်ကို တစ်ကားနဲ့ တစ်ကား မတူတဲ့ ဇာတ်ကောင်အနေနဲ့မြင်စေချင်လို့ပါ။ ဇာတ်လမ်းကို အရမ်းကြိုက်လို့ပါ။ ကိုယ်တိုင်ထုတ်လုပ် ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲပါ။ ဒီကားရိုက်ဖို့ လွန်ခဲ့တဲ့ ၃ လထဲက ကြိုတင်ပြင်ဆင်ထားတာပါ။ ဒီဇာတ်လမ်းတွဲက ပရိသတ်တွေ ရသတစ်ခုတော့ရမှာပါ ။ ဝဋ်ဆိုတာ နောင်ဘဝမကူးဘူး။ ပညာပေးဇာတ်လည်းဖြစ်တယ်၊ ပရိသတ် ရင်ထဲ ကျန်နေခဲ့မယ်လို့ ယုံကြည်ပါတယ်”လို့ သူ့က ဆက်ပြောပါတယ်။