




၁၉. ၄. ၂၀၂၅
Written by Nay Moe
နိုင်ငံတစ်ဝန်း တိုင်းနဲ့ ပြည်နယ်ခြောက်ခုမှာ မန္တလေးငလျင်ကြီးကြောင့် သဘာဝဘေးကျရောက်နေတဲ့ ပြည်သူတွေကို ကူညီကယ်တင်ဖို့ တပ်မတော်က တရားဝင်အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး KNU/KNLA နဲ့ PDF တွေ ထိုးစစ်ဆင် စစ်ရှိန်မြှင့်နေတဲ့ ကော့ကရိတ်ခွင်မှာ တပ်မတော်က လေကြောင်းခုခံတိုက်ခိုက်မှုအတွင်း မနေ့ကတစ်နေ့တည်း အနည်းဆုံး PDF ၁၂ ယောက်သေသွားပြီး ဒဏ်ရာရသူများပြားတယ်လို့ သိရပါတယ်။
မနေ့ကတစ်နေ့တည်း တိုက်ပွဲအတွင်း သေဆုံးသူတွေက MLA (မွန်ပြည်လွတ်မြောက်ရေးတပ်တော်) က ၃ ယောက်သေဆုံးပြီး KNLA တပ်ရင်း ၁၀၁ က ၁ ယောက် သေပါတယ်။ ဂဠုန်စစ်ကြောင်းက ၄ ယောက် သေဆုံးပြီး ၂ ယောက် အလောင်းပြန်မရတဲ့အပြင် ၂ ယောက် ပြင်းထန် ဒဏ်ရာရခဲ့ပါတယ်။ ဂျိုကာစစ်ကြောင်းကလည်း ၂ ယောက် သေဆုံးခဲ့ပြီး Justic soldier က PDF ရဲဘော် နတ်ဆိုး(JS-00449) နဲ့ ရဲဘော် လင်းနို့(JS-00140) နှစ်ယောက် သေဆုံးလို့ ကနဦးမှာ ၁၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရကာ အခြားမသိရသေးတဲ့ စစ်ကြောင်းတွေလည်း ရှိနေသလို KNU/KNLA က ဗိုလ်စောရွှေလင်းနဲ့ တပ်မဟာ ၇ က PDF တစ်ယောက်လည်း သင်္ကြန်ကာလအတွင်း သေဆုံးသွားပါသေးတယ်။
“မနေ့က တစ်ရက်လုံး ကော့ကရိတ်တခွင်မှာ ရန်သူလေယာဥ်တွေက ဗုံးပတ်ကြဲနေတယ်။ ကျုံဒိုးနဲ့ကော့ကရိတ်တခွင်ကို လွန်ခဲ့တဲ့တစ်ပတ်က ရန်သူအင်အား ၃၀၀ ကျော် ထပ်ဖြည့်လာလို့ ဒီစစ်ခွင်ထဲ လှုပ်ရှားနေကြတဲ့ ကျားဖြူ၊ ကော်ဘရာ၊ ကျားသစ်နက်၊ Lion စစ်ကြောင်း၊ Justic soldier၊ ဗီနမ်စစ်ကြောင်း၊ ဂဠုန်စစ်ကြောင်း၊ ဂျိုကာစစ်ကြောင်းတွေကို စိုးရိမ်နေမိပါတယ်။ ထိုင်းဘက်ကမ်းကို ရွာတွေက စစ်ဘေးရှောင်တွေပြေးကြတာကို တွေ့နေရတယ်။ မိမိတို့ မဟာဗျူဟာက ရဲဘော်တွေက လားရှိုးမြို့ထဲ စစ်ကားတွေ၊ အရပ်သားအိမ်စီးကားတွေနဲ့ ဝင်လာကြတဲ့အခြေအနေကို စောင့်ကြည့်နေကြတုန်း ကော့ကရိတ်ခွင်မှာ ထိခိုက်သူတွေရှိနေတယ်လို့ သတင်း ဝင်လာတယ်။ ဘယ်သူတွေ ဘယ်တပ်ဖွဲ့ကဆိုတာ မသိရဘူး။ ဒီမနက်အိပ်ယာထတော့ သတင်းဝင်လာတယ်။ MLA က ၃ ယောက်ကျဆုံး၊ KNLA တပ်ရင်း ၁၀၁က ၁ ယောက်၊ ဂဠုန်စစ်ကြောင်းက ၄ ယောက် ကျဆုံးပြီး ၂ ယောက် အလောင်းပြန်မရဘဲ၊ ၂ ယောက် ပြင်းထန် ဒဏ်ရာရခဲ့ပါတယ်။ ဂျိုကာစစ်ကြောင်းကလည်း ၂ ယောက်ကျဆုံးခဲ့တယ်၊ Lion စစ်ကြောင်းက မသိရသေး၊ Justic soldier က ရဲဘော် ၂ ယောက်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေမှတ်တမ်းဌာနက ဆိုပါတယ်။
တပ်မတော်က အပစ်ရပ်မယ်ကြေညာထားတဲ့ကာလဖြစ်တဲ့ သင်္ကြန်ကာလကတည်းက ကျုံဒိုးနဲ့ ကော့ကရိတ်ခွင်ကို KNU/KNLA နဲ့ PDF တွေက အခွင့်ကောင်းယူ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီထိုးစစ်အတွင်းမှာ ကျုံဒိုး- ကော့ဝါလဲ၊ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်ရွာတွေက တပ်ဂိတ်တွေနဲ့ ခွဲထွက် DKBA ဗိုလ်ဘိဂိတ်၊ ရင်ကွဲတောင်ဂိတ်တို့ကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက် ထိန်းချုပ်လိုက်ကြတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြနေသလို တပ်မတော်ဘက်ကလည်း အပစ်ရပ်မယ်ကြေညာထားပေမဲ့ ထိန်းချုပ်နယ်မြေတွေ မဆုံးရှုံးစေဖို့ ကော့ကရိတ်-နဘူးလမ်းခွဲ အနီးက ကိုးတိုင် အကောက်ခွန်ဂိတ်၊ စကခ-၁၂ နဲ့ ခမရ-၅၄၆ တပ်ဘက် တိုက်ခိုက်မခံရရေးအတွက် လေကြောင်းကနေ ခုခံနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ KNU/KNLA နဲ့ PDF ဘက်က တပ်မတော်အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီးတစ်ပတ်ကျော်လာတဲ့အထိ အားကောင်းကောင်းနဲ့ ထိုးစစ်ဆက်ဆင်နေတဲ့ အခြေအနေကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။
ပုံစာ။ ယခုရက်ပိုင်းအတွင်း သေဆုံးကုန်သည့် PDF အချို့မြင်ကွင်း။