MT News
Written by Min Mahar
ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ငါန်းဇွန်မြို့နယ်တွင် တောင်သူအဖြစ်အသက်မွေးသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးအား သေနတ်သမားများက ဒလန်ဟုစွပ်စွဲပြောဆိုကာ ပစ်သတ်သွားကြကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာတွင် တောင်သူလုပ်ကိုင်သော လူလတ်ပိုင်းအမျိုးသားသည် နေအိမ်၏ခြံဝင်းအတွင်း ရှိနေစဉ် ဆိုင်ကယ် ၂ စီးဖြင့် အမျိုးသား ၄ ဦးတို့ ရောက်ရှိလာကြပြီး ဒလန်ဟုစွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
“ယာထဲကနေပြန်လာပြီးတော့ ခြံထဲအရောက်မှာ ဆိုင်ကယ် ၂ စီးနဲ့ လူငယ် ၄ ယောက်ရောက်လာပြီးတော့ ”အဲဒီကောင်ပဲ ဒလန်ဆိုတာ” ပြောပြီးတော့ သေနတ်နဲ့ ခေါင်းကိုပစ်သတ်သွားတာပါ”ဟု သေဆုံးသူနှင့်အမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
၎င်းသေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နဖူးကိုကျည်ဖောက်ဝင်ပြီး နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း လိုက်လံစုံစမ်းစစ်ဆေးနေကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများထံမှ သိရသည်။