




၁၈.၄.၂၀၂၅
Written By Thandar
အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေး ချစ်ခင်မှုများစွာ ရရှိလာတဲ့ မင်းသား အကယ်ဒမီ အေးချမ်းမောင်၊ သရုပ်ဆောင် ဝေဖြိုး၊ သရုပ်ဆောင် နေ့သစ်အေးအောင်နဲ့ အလှူရှင်တွေက အင်းလေးဒေသ ရွာ ၃ ရွာက ဝါးအိမ်တွေ ပြန်လည်တည်ဆောက်ဖို့အတွက်ပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က Inle Youth Volunteer Network နဲ့ အတူ ဝေဖြိုး၊ နေ့သစ်အေးအောင်နဲ့ အလှူရှင်တွေ အားလုံးစုပေါင်းပြီးတော့ အင်းလေးဒေသရွာ ၃ ရွာက ဝါးအိမ်တွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ပံ့ပိုးကူညီခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ လယ်သစ်အောက်ရွာက ပျက်စီးပြိုကျနေတဲ့ ဝါးအိမ်တွေအနက်က ခက်ခဲနေတဲ့ ကျေးရွာကော်မတီက ရွေးချယ်ပေးထားတဲ့ ဦးစားပေး အိမ် ၃ အိမ်ကို ပြန်လည်တည်ဆောက်ဖို့ အတွက် ဆောက်လုပ်ရေး ပစ္စည်းတွေ ဝယ်ယူဖို့ တစ်အိမ်ကို ကျပ် ၃၅ သိန်းစီ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီအလှူငွေကို မ တည်ပြီးတော့ ဝါးအိမ်ပိုင်ရှင်တွေက ကိုယ့်မှာရှိတဲ့ တခြား ပံ့ပိုးငွေတွေနဲ့ပူးပေါင်းပြီး နဂိုမူလအိမ်တွေ ပြန်ရရှိဖို့ ရည်ရွယ် ပံ့ပိုးခဲ့တာပါ” လို့ အကယ်ဒမီ အေးချမ်းမောင်က ပရိသတ်သိအောင်ပြောလာပါတယ်။
အင်းလေးဒေသရှိ ရွာတွေဖြစ်တဲ့ လယ်သစ်အောက်ရွာက ဝါးအိမ် ၃ လုံး၊ ရွှေပြည်သာအထက်ရွာက ဝါးအိမ် ၄ လုံး၊ ပေပင်အင်းကျေးရွာက ဝါးအိမ် ၃ လုံး တည်ဆောက်ပေးမှာလည်း ဖြစ်ပါတယ်။ ဒါ့ပြင် တောင်ပုလဆရာတော်ကို အမှူးထားပြီး ဒါရိုက်တာ အောင်ချမ်းလူ၊ အေးချမ်းမောင်၊ နေ့သစ်အေးအောင်၊ ဝေဖြိုး၊ စည်သူလင်း၊ မေသင်းခိုင်နဲ့ အလှူရှင်တွေက သလဲဦးအင်းကျောင်းနဲ့ သလဲဦးကျေးရွာရေရရှိဖို့ လိုအပ်နေတဲ့ ရေပိုက် သွယ်တန်းရေးအတွက် အလှူငွေ ကျပ်သိန်း ၁၂၀ နီးပါး တန်ဖိုးရှိတဲ့ ရေပိုက် ၈၀၀ နဲ့ ဆက်စပ်ပစ္စည်းတွေကို ပေးအပ်လှူဒါန်းခဲ့သလို ဖောင်တော်ဦးစံကျောင်းတော် ဘက်စုံမွမ်းမံဖို့အတွက် ကျပ်သိန်း ၅၀ လှူဒါန်းခဲ့ပြီး အိမ်ပေးလှူထားသော ကျေးရွာသို့ သွားရောက်ကာ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီး အားပေးစကားပြောဆိုခဲ့ပါတယ်။