ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရုံး၊ အဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှု ဆောင်ရွက်ပြီးမှသာ တည်ဆောက်ရန်နှင့် ဝန်ထမ်းအိမ်ရာများကို ရစ်ချ်စတာစကေး ၈ အထိ ခံနိုင်အောင် တည်ဆောက်ရန် SAC ဥက္ကဋ္ဌ မှာကြား


၁၈. ၄. ၂၀၂၅
Written by Nyein Kyaw
ယမန်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
မိမိအနေဖြင့် ယခုအချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမှလည်း ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဧပြီ ၁၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အစိုးရရုံးဌာနများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများအနက် ဖို့မြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက်အဦများမှာ ပိုမိုထိခိုက်ပျက်စီးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှု (Soil Test) များ ဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
တွက်ချက်၍ရသည့် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် အဆောက်အဦများကို ပြောင်းရွှေ့နေရာချထားရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကိုလည်း ပြန်လည်တွက်ချက်ရေးဆွဲသွားရန် စီစဉ်နေကြောင်း၊ ငလျင်မကြာခဏ လှုပ်ခတ်လျက်ရှိသည့်နိုင်ငံများမှ အဆောက်အဦများ တည်ဆောက်ထားရှိမှုများကို နမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဝန်ထမ်းအိမ်ရာများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရက်ချ်စတာစကေး ၈ အထိ ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းမိသားစုများ ယာယီနေထိုင်လျက်ရှိသည့် နေရာများတွင်လည်း လုံခြုံမှုရှိစေရေးနှင့် နေထိုင်မှုများ အဆင်ပြေစေရေး အဘက်ဘက်မှကြည့်၍ စီစဉ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယာယီနေထိုင်ရန်နေရာများတည်ဆောက်ရာတွင် ၂ ခန်းတွဲများသာ တည်ဆောက်ပေးသွားရန်လိုပြီး ရေ၊ မီးများ လုံလောက်စွာရရှိရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။