

၁၈.၄.၂၀၂၅
Written by KL
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရွှေတောင်ရပ်ကွက်၊ကမ်းနားလမ်း၊ အမှတ် (၄) တံတားအနီး သံလွင်မြစ်ထဲတွင် ယမန်နေ့ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့က ရေနစ်ပျောက်ဆုံးခဲ့သော အသက် ၁၃ နှစ်အရွယ် ကလေးငယ်၏ ရုပ်အလောင်းကို ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ပြန်လည်ဆယ်ယူ တွေ့ရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၁၃ နှစ်အရွယ် မောင်သူခန့်ဖြစ်ပြီး ဒေါင်းမင်းရပ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
“ရေငုပ်ကျွမ်းကျင်တဲ့ဦးပါကြီးက မြစ်ထဲရေငုပ်ပြီး ၁၅ မိနစ်အကြာမှာပဲ ရုပ်အလောင်းကို ပြန်ရခဲ့တာ။ ကလေးက ဝဲထဲမှာ နစ်နေတာ”ဟု ဒေသခံ လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှာ ဧပြီလ ၁၇ ရက်( မြန်မာနှစ်ဆန်းတစ်ရက်နေ့) ညနေပိုင်းက မော်လမြိုင်မြို့နယ်၊ ကမ်းနားလမ်း အမှတ် (၄) တံတားအနီးတွင် မောင်သူခန့် အပါအဝင် ကလေးငယ် ၄ ဦးက ဘောလုံးကန်ရင်း မြစ်ထဲဘောလုံးကျသည်ကိုဆင်းကောက်ရာမှ မောင်သူခန့်မှာ ရေနစ်ကာ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်ကလေးများက မိဘများကို ပြန်လည်ပြောပြသဖြင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးသူ ကလေးငယ်၏ရုပ်အလောင်းကို ရွှေတောင်လူမှုကယ်ဆယ်ရေးအသင်းက မော်လမြိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွင်ရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။