
၁၈.၄.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ဓမ္မစေတီလမ်းတွင် ယမန်နေ့ ဧပြီလ ၁၇ ရက် ညနေ ၅ နာရီ ၅မိနစ်ခန့်က ဖြစ်ပွားခဲ့သော လူနေအိမ် ၅ လုံးမီးလောင်မှုမှာ ဘုရားမီးသွယ်တန်းထားရာတွင် ချိတ်ဆက်အသုံးပြုသော မီးပလပ်ခေါင်း Loose ဖြစ်၍ မီးပွားကျရာမှ အောက်ရှိ စာအုပ်စင်အား မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုမှာ အလျား ၁၂ ပေ၊ အနံ ပေ ၅၀ ရှိ သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်း ၂ ထပ် လူနေအိမ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ထောင်၊ ပျဥ်ခင်း ၂ ထပ် လူနေအိမ် ၃ လုံး၊ အာရ်စီ ၂ ထပ်ခွဲ ၁လုံး၊ သွပ်မိုး၊ ပျဥ်ထောင်ပျဥ်ခင်းနေအိမ်၏ နောက်ဖေးအဖီတို့ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

၄၆ မိနစ်ကြာ လောင်ကျွမ်းခဲ့သောမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၅ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅၁ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်များမီးလောင်မှုကြောင့် အသက် ၇၅ နှစ်အရွယ် ဦးကျော်မင်းကို ဒေါပုံမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။