MT News
Written by Nay Moe
ဘုရားသုံးဆူမြို့ပေါ်တွင် မီးလောင်မှုများနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဇန်နဝါရီ ၂၃ ရက်နေ့ ည ၉ နာရီခန့်မှစတင်ဖြစ်ပွားခဲ့ပြီး မီးများလောင်ကျွမ်းခဲ့သလို တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကနဦးသတင်းများအရ မီးလောင်မှုများမှာ ရှို့မီးများဖြစ်ပြီး ဘုရားသုံးဆူမြို့ပေါ်ရှိ ထွေအုပ်ရုံး၊ လဝကရုံး၊ တပ်ကုန်းနှင့် စျေးရှေ့တွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သုံးနေရာ၊ လေးနေရာလောက် မီးလောင်နေတာ။ မီးစလောင်တာနဲ့ တိုက်ပွဲစဖြစ်တော့တာပဲ။ ငြှိမ်းမဲ့သူလည်း မရှိတော့ မီးကတော့ လောင်အားကောင်းနေတာပေါ့” ဟု ဒေသခံတစ်ဦးက ယမန်နေ့ကဆိုသည်။
ယမန်နေ့ညက PDF များနှင့် ထောက်ခံသူများဘက်မှ ဘုရားသုံးဆူမြို့ပေါ်တွင် တိုက်လေယာဥ်တစ်စီးတက်သွားကြောင်းလည်း သတိပေးခဲ့ပြီး တိုက်ပွဲသတင်းများကို အချိန်နှင့်တစ်ပြေးညီ လိုင်းပေါ်မတင်ရန်လည်း သတိပေးခဲ့သည်။