



၁၈. ၄. ၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း နေပြည်တော် လှေခွင်းတောင်တစ်ဝိုက်နဲ့ ပေါင်းလောင်းမြစ်ကြောင်းတစ်လျှောက် ရေဆော့ကစားကြတဲ့ အနယ်နယ်အရပ်ရပ်က ဧည့်သည် ၂၈ ဦးခန့်ကို ရေနစ်တဲ့အန္တရာယ်ကနေ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ကယ်တင်ကူညီနိုင်ခဲ့ပြီးပေါင်းလောင်းမြစ်အတွင်း ရေနစ်သေဆုံးသူ သက်လတ်ပိုင်းအရွယ် အမျိုးသား သုံးဦးတော့ ရှိခဲ့တယ်လို့ သိရပါတယ်။
လှေခွင်းတောင်က နေပြည်တော်မှာတော့ နွေရာသီနဲ့ အခုလို သင်္ကြန်အချိန်အခါမှာဆိုရင် နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်သူ အထူးစည်ကားတဲ့ နေရာတစ်ခုပါ။ ဒီလိုအချိန်ဆို ရေဆော့ကစားသူတွေလည်း များပြားလို့ သူတို့ဘေးကင်းလုံခြုံရေးအတွက် ဂရုတစိုက် လုံခြုံရေးရယူပေးရတယ်လို့လည်း ဒေသခံ လူမှုကူညီရေးအသင်းတစ်သင်းဖြစ်တဲ့ လူမှုကရုဏာရှင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌက ဆိုပါတယ်။
ဥက္ကဋ္ဌဦးပေါ်ဦးက ” သင်္ကြန်ကာလဆိုရင်တော့ လှေခွင်းတောင်က အစဉ်အလာနဲ့ကို စည်ကားတဲ့နေရာတစ်ခုပါ။ ဒီနှစ်လည်း အကြိုနေ့နဲ့ အကျနေ့တွေမှာ လူသိပ်မစည်ပေမယ့် အကြတ်နေ့က စပြီး စည်ကားပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရယ်၊ ကျွန်တော်တို့ အသင်းရယ်၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းရယ်က Speed boat သုံးစီးနဲ့ ပေါင်းလောင်းမြစ်ထဲ လုံခြုံရေးအတွက် အသိပေး သတိပေးတာတွေ လိုက်လုပ်ပေးပါတယ်။ ကျွန်တော်တို့အသင်းဆို မတ်လ၂၈ ရက်နေ့ကတည်းက ငလျင်ဘေးကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ရေး၊ ပြီးတော့ ယာယီနေထိုင်ရေးနဲ့ သုံးရေရရှိရေးအတွက် ဒီပေါင်းလောင်းမြစ်ထဲကနေ ရေသယ်ပြီးဖြန့်ဝေပေးတာတွေ ဆောင်ရွက်နေတာပါ။ ဒါပေမယ့် ဒီလိုကာလမှာ စိတ်ထွက်ပေါက်လေးတစ်ခုအနေနဲ့ အခုလို လည်ပတ်ချင်တဲ့ ပြည်သူနဲ့ လှေခွင်းတောင်ဧရိယာကိုလည်း လျစ်လျှူရှု့ထားလို့တော့ မရဘူးပေါ့။ ဒီလိုပျော်ကြတာကလည်း ဘေးဒုက္ခတွေ့နေတဲ့ ပြည်သူကို ကိုယ်ချင်းမစာလို့ မဟုတ်ကြပါဘူး” လို့ သူ့တို့ မြေပြင်မှာ ကူညီဆောင်ရွက်နေရတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။
ဒီနှစ်က လှေခွင်းတောင်တစ်ဝိုက် သေဆုံးမှု အနည်းဆုံးဖြစ်ပြီး လှေခွင်းတောင်ကိုအလာ လမ်းမှာ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူ အမျိုးသားတစ်ဦးနဲ့ ရေနစ်သေဆုံးသူ အကြတ်နေ့ကနေ နှစ်ဆန်းတစ်ရက်အထိ သုံးဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။
”ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်တွေကလည်း စားသောက်ဆိုင်တွေနားမှာ ဖြစ်တာမဟုတ်ဘူး။ မိသားစုလိုက် လူနည်းတဲ့ မြစ်ကမ်းဘေးတွေ၊ ကုက္ကိုလ်ပင်ရိပ်တွေမှာ အပန်းဖြေပြီး အပင်ပေါ်တက်ရာက ကိုင်းကျိုးလို့ ရေထဲပြုတ်ကျတာ။ တချို့လည်း ရေကူးရင်းက ရေနစ်ပိုင်းရောက်ပြီး နစ်တာ။ ဒါမျိုးတွေ ဖြစ်ကြတာပါ” လို့ လူမှုကရုဏာရှင် အသင်းဥက္ကဋ္ဌ ဦးပေါ်ဦးက ပြောပါတယ်။
ဒီနေ့ ဧပြီလ ၁၈ ရက် နှစ်ဆန်းနှစ်ရက်နေ့မှာ ပေါင်းလောင်းမြစ်တွင်းကနေ မနေ့ကနှစ်ဆန်းတစ်ရက်နေ့မှာ ရေနစ်ပျောက်ဆုံးခဲ့တဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်း ပြန်လည်ရှာဖွေ ဆယ်ယူရရှိခဲ့ပြီး မိသားစုနဲ့လည်း ကူညီဆက်သွယ်ပေးထားပြီလို့ အဆိုပါ အသင်းထံကနေ သိရပါတယ်။
ပေါင်းလောင်းမြစ်ရဲ့ အထက်မှာ အောက်ပေါင်းလောင်းနဲ့ အထက်ပေါင်းလောင်းဆိုပြီး ရေအားလျှပ်စစ် ထုတ်လုပ်တဲ့ ဆည်ကြီးတွေရှိနေပြီး ငလျင်ဘေးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အဆိုပါ ဆည်ကြီးတွေ ဘေးကင်းစိတ်ချရတဲ့ အနေအထားမှာရှိနေကြောင်းလည်း သက်ဆိုင်ရာဌာနတွေရဲ့ အသိပေးထုတ်ပြန်မှုတွေအရ သိရရှိရပါတယ်။