

MT News
၁၈.၄.၂၀၂၅
မည်သည့်နိုင်ငံ၊ မည်သည့်ပညာရှင်ကမျှ ကြိုတင်တွက်ချက်မှုမပြုနိုင်သော ငလျင်ကို အချိန် ၄၈ နာရီအတွင်း၊ ၇၂ နာရီအတွင်း လှုပ်ခတ်မည်ဟု ဖော်ပြနေခြင်းများကို မယုံကြည်သင့်ကြောင်းနှင့် ပြည်သူလူထုထိတ်လန့်အောင် လုပ်ဆောင်နေမှုများသာဖြစ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်အား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် မြန်မာနိုင်ငံတွင် တပ်ဆင်ထားရှိသော ငလျင်စခန်းများမှ အချက်အလက်များအား နော်ဝေ နိုင်ငံ၊ Bergen University မှ ရေးဆွဲထားသည့် SeisAn Software အား အသုံးပြု၍ ငလျင်ဗဟိုချက်အား တွက်ချက်ပြီး မန္တလေးမြို့ငလျင်ကြီးအား သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါငလျင်ကြီးသည် အင်အားပြင်းထန်ပြီး ဗဟိုချက်အနက် တိမ်သောကြောင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ရှားနေခြင်းဖြစ်သည်။ အင်အားပြင်းထန်သော ငလျင်ကြီး လှုပ်ရှားမှုကြောင့် ရွေ့လျားသွားခဲ့သော မြေသားများသည် ပုံမှန်အနေအထားသို့ ရောက်ရှိရန် ပြုလုပ်ကြရသဖြင့် နောက်ဆက်တွဲ ငလျင်များ လှုပ်ရှားနိုင်ပါသည်။

ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုးဖြစ်သည်။ တစ်ခါတစ်ရံ လူမှုကွန်ရက်များတွင် မည်သည့်အချိန်တွင် အင်အားမည်မျှဖြင့် ငလျင်လှုပ်ရှားမည်ဆိုသည့် သတင်းမျိုးနှင့် အချိန် ၄၈ နာရီအတွင်း၊ အချိန် ၇၂ နာရီအတွင်း ငလျင်လှုပ်ရှားနိုင်သည်ဆိုသည့် သတင်းမျိုးများ တွေ့ရှိပါက မယုံကြည်သင့်ပါကြောင်း၊ ငလျင်နှင့်ပတ်သက်၍ မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မျှ ကြိုတင် မခန့်မှန်းနိုင်ပါကြောင်းနှင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ဆောင်ရွက်ခြင်းသာဖြစ်ပါကြောင်း၊ ငလျင်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက သက်ဆိုင်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၃၄၁၁၂၆၉ နှင့် ၀၆၇-၃၄၁၁၂၅၃ တို့သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်း နိုင်ပါသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ယနေ့ ဧပြီ ၁၈ ရက်အထိ နောက်ဆက်တွဲငလျင် ၁၄၁ ကြိမ် လှုပ်ခတ်ထားသလို ဧပြီ ၁၇ ရက်အထိ စာရင်းများအရ သေဆုံးသူ ၃၆၆၈ ဦး၊ ဒဏ်ရာရသူ ၄၈၂၄ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦးရှိနေပြီဖြစ်သည်။