




၁၈. ၄. ၂၀၂၅
Written by Thettant
ဘီလ်ဘာအို ၂ – ၀ ရိန်းဂျားစ်
ဆန်ဆတ် ၄၅+၄’ (P’)
ဝီလျံ ၈၀’
အခုရာသီ ယူရိုပါလိဂ် အိမ်ကွင်း ၅ ပွဲစလုံး အနိုင်ကစားထားတဲ့ ဘီလ်ဘာအိုအသင်းဟာ ရိန်းဂျားစ်ကို အိမ်ကွင်းမှာ အလွယ်တကူအနိုင်ရခဲ့တာဖြစ်ပြီး အဝေးကွင်းမှာတော့ ရိန်းဂျားစ်ဟာ ဘီလ်ဘာအိုကို အိမ်ကွင်းမှာလို သရေရဖို့တောင်မစွမ်းဆောင်နိုင်ခဲ့ဘဲ ခြေပြတ်ဂိုးပြတ်နဲ့ ဆီမီးတက်ခွင့်ကို ဘီလ်ဘာအိုအတွက် နှင်းဆက်လိုက်ရတာပါ။
ဖရန့်ဖတ် ၀ – ၁ စပါး
ဆိုလန်ကီ ၄၃’ (P)
ဖရန့်ဖတ်အသင်းက ဒီရာသီယူရိုပါလိဂ် အိမ်ကွင်း (၅)ပွဲစလုံး ရှုံးပွဲမရှိခဲ့ဘဲ နောက်ဆုံးလေးပွဲဆက်တိုက် အနိုင်ကစားခဲ့နိုင်ပေမဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် တက်ဖို့အခွင့်အရေးမှာတော့ ပထမအကျော့ အဝေးကွင်းမှာ ၁ ဂိုးစီသရေကျထားတဲ့ စပါးကို ပွဲချိန် ၄၃ မိနစ်မှာ ပေးလိုက်ရတဲ့ ပင်နယ်လ်တီနဲ့ ခွင့်ပြုပေးလိုက်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုး ၂ ဂိုးနဲ့ ကွာတားအဆင့်ကပဲ ကျေနပ်သွားလိုက်ရပါတယ်။
လာဇီယို ၃ – ၁ ဘိုဒိုဂလင့်မ်
(ပင်နယ်လ်တီတွင် ၃ ဂိုး ၂ ဂိုးဖြင့် ဘိုဒိုဆီမီးတက်)
ကက်စတီလာနို ၂၀’
နော့စ်လင်း ၉၀+၃
ဒီယာ ၉၉’
ဟယ်လ်မာဆင် ၁၀၉’
လာဇီယိုဟာ ဒီရာသီ ယူရိုပါလိဂ် အိမ်ကွင်းပွဲတွေမှာ ရှုံးပွဲမရှိအောင် ကစားထားပြီး ဒီနေ့ပွဲမှာလည်း လိုအပ်တဲ့အနိုင်ရလဒ် ဖန်တီးခဲ့ပေမဲ့ နောက်တစ်ဆင့်တက်ဖို့ လုံလောက်တဲ့ အနိုင်ဂိုးမဖန်တီးနိုင်ခဲ့လို့ ပွဲချိန်အတွင်း နှစ်ကျော့ပေါင်းရလဒ်နဲ့ အချိန်ပိုခရီးဆက်ရချိန်မှာ တစ်ဖက်တစ်ဂိုးစီသွင်းကြရင်း ပင်နယ်လ်တီထိ ရောက်ခဲ့ပါတယ်။ ပင်နယ်လ်တီမှာ စကန်ရတဲ့ ဘိုဒိုရဲ့ ဂိုးက မဝင်ခဲ့ဘဲ လာဇီယိုတို့ အခွင့်အရေးရခဲ့ပေမဲ့ ဘိုဒိုဂိုးသမား ခိုင်ကင်က နှစ်ဂိုးဆက်ကာကွယ်သွားခဲ့သလို နောက်ဆုံးပင်နယ်လ်တီမှာလည်း ခိုင်ကင်ကပဲ ဆက်လက်စွမ်းပြပြီး သုံးဂိုးတိတိကာကွယ်သွားတာကြောင့် လူသိပ်မသိတဲ့အသင်းလေး ဘိုဒိုက ဆီမီးကို တက်ရောက်သွားခဲ့ပါတယ်။
မန်ယူ ၅ – ၄ လိုင်ယွန်
အူဂါတီ ၁၀’
ဒါးလော့ ၄၅+၁’
ဖာနန်ဒက်ဇ် ၁၁၄'(P)
မိန်းနူး ၁၂၀’
မက်ဂွိုင်းယား ၁၂၀+၁’
တိုလစ်ဆို ၇၁’
တဂ်လီယာဖီကို ၇၇’
ချားကီ ၁၀၄’
လာကာဇက် ၁၀၉'(P)
မန်ယူ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ဒီရာသီရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ယူရိုပါလိဂ်ဖြစ်လို့ ဆီမီးဖိုင်နယ်တက်နိုင်ဖို့ အသည်းအသန် ကြိုးစားခဲ့တာကြောင့် အဝေးကွင်း ရှုံးပွဲမရှိတဲ့ လိုင်ယွန်ကို အိမ်ကွင်းမှာ မန်ယူ အနိုင်ယူလိုက်ပါတယ်။ ပထမအကျော့ အဝေးကွင်းမှာ ဘတစ်ပြန် ကျားတစ်ပြန် ၂ ဂိုးသရေရလဒ်ရထားသလို အိမ်ကွင်းမှာ မန်ယူက ပထမပိုင်း ၁၀ မိနစ်နဲ့ ၄၅+၁ မိနစ်မှာတင် နှစ်ဂိုးသွင်း ဦးဆောင်ထားလို့ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဖြစ်သွားချိန်မှာ ဂဏန်းငြိမ်သွားတယ်ထင်ရပေမဲ့ မန်ယူထုံးစံအတိုင်း အိုနားနားဒုက္ခပေးမှုမှာ လိုင်ယွန်က ၇၁ မိနစ်နဲ့ ၇၇ မိနစ်မှာ နှစ်ဂိုးပြန်သွင်းသွားလို့ အချိန်ပို ခရီးဆက်ခဲ့ရပါတယ်။ အချိန်ပိုခရီးဆက်ပေမဲ့ ပွဲကစားချိန် ၈၉ မိနစ်မှာ လိုင်ယွန်က တိုလစ်ဆို အထုတ်ခံရလို့ အိမ်ကွင်းမှာ လူတစ်ယောက်အသာနဲ့ မန်ယူတို့ ဟန်ကျပြီထင်ပေမဲ့ လိုင်ယွန်က အချိန်ပို ၁၀၄ မိနစ်နဲ့ ၁၀၉ မိနစ်မှာရတဲ့ ပင်နယ်လ်တီဂိုးနဲ့ နှစ်ဂိုးဆက်ပြန်သွင်းသွားလို့ နှစ်ကျော့ပေါင်း ၄ ဂိုး ၆ ဂိုးနဲ့ မန်ယူဒိုးသွားပြီ ထင်ရပေမဲ့ ပွဲချိန် ၁၁၄ မိနစ်မှာရတဲ့ ပင်နယ်လ်တီကို ဖာနန်ဒက်ကန်သွင်းပြီး လက်ကျန်မိနစ်တွေကို ရင်ခုန်အောင် ဖန်တီးပေးခဲ့ပါတယ်။ လိုင်ယွန်ဘက်ကလည်း ရင်ခုန်စရာတချို့ဖန်တီးနိုင်တာကြောင့် မန်ယူတို့ နာလန်မထူတော့ဘူးလို့ ထင်နေချိန် Fergie Time လို့ သတ်မှတ်ထားတဲ့ ပွဲကစားချိန် ၁၂၀ မိနစ်မှာ မိန်းနူးနဲ့ ၁၂၀+၁ မှာ မက်ဂွိုင်းယားတို့က တစ်မိနစ်အတွင်း ၂ ဂိုးသွင်းသွားလို့ ပင်နယ်လ်တီမကြည့်ရတော့ဘဲ နှစ်ကျော့ပေါင်းရလဒ် ၇ ဂိုး ၆ ဂိုးနဲ့ မန်ယူတို့ ဆီမီးတက်နိုင်ခဲ့ပါတယ်။
အခုဆို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို ပရီးမီးယားလိဂ်အသင်းနှစ်ခုဖြစ်တဲ့ စပါးနဲ့ မန်ယူ၊ လာလီဂါက ဘီလ်ဘာအိုနဲ့ နော်ဝေအသင်း ဘိုဒိုတို့ တက်လှမ်းသွားခဲ့ပြီး ဆီမီးဖိုင်နယ်မှာတော့ မန်ယူနဲ့ ဘီလ်ဘာအို၊ စပါးနဲ့ ဘိုဒိုတို့ တွေ့ဆုံနေပြီး စပိန်ကလပ်တွေကို ကျော်ဖြတ်ရခက်တဲ့ မန်ယူအဖို့ ခက်ခဲနိုင်ပေမဲ့ ကျော်ဖြတ်နိုင်ရင်တော့ All English Final ကို ဒီရာသီ ယူရိုပါလိဂ်ဖိုင်နယ်မှာ တွေ့မြင်ရနိုင်ပါတယ်။