
၁၇. ၄. ၂၀၂၅
Written by Thettant
ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီပေးဖို့ ယူကေအစိုးရက စတာလင်ပေါင် ၂၅ သန်း ကတိပြုထားသလို ယူကေပြည်သူများစွာကလည်း ရက်ရောစွာလှူဒါန်းနေပြီး ပထမနေ့မှာတင် လှူဒါန်းမှုက ပေါင် ၇ သန်းခွဲရရှိထားတယ်လို့ ဗြိတိသျှသံရုံး၊ ရန်ကုန် အကြီးအကဲ Ken O’ Flaherty က မြန်မာ့ရိုးရာနှစ်သစ်အချိန်အခါသမယမှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးကင်းကျန်းမာပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့နှစ်သစ်ဆုမွန်ကောင်းတောင်းပေးရာမှာ ထည့်သွင်းပြောကြားလာပါတယ်။
“အခုလို မြန်မာ့ရိုးရာ နှစ်သစ်ကူးအချိန်အခါသမယမှာဆိုးရွားလှတဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်သူများကို ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဘက်များအားလုံးက သတိတရရှိနေပါတယ်။ ငလျင်နဲ့ ၎င်းရဲ့နောက်ဆက်တွဲအခြေအနေများက လတ်တလောကာလအတွင်း ဆင်းရဲခက်ခဲမှုဒဏ် ခါးစည်းခံနေကြရတဲ့ မြန်မာပြည်သူပြည်သားများအတွက် ပိုမိုကြီးမားတဲ့ အခက်အခဲကို ဖြစ်စေပါတယ်။ အခုလိုအင်မတန်မှ ခက်ခဲတဲ့အချိန်ကာလမျိုးမှာတောင် တစ်ဦးနဲ့တစ်ဦးဖေးမကူညီနေကြတဲ့ မြန်မာပြည်သူပြည်သားများရဲ့ ခိုင်မြဲတဲ့ရဲစွမ်းသတ္တိနဲ့ ဝိုင်းဝန်းကူညီတတ်တဲ့ စိတ်ဓာတ်ကို ကျွန်တော်လေးစားမိပါတယ်။ ယူကေက မြန်မာပြည်သူများအား အကူအညီပေးဖို့ အခိုင်အမာ သိန္ဓိဌာန်ချမှတ်ထားဆဲဖြစ်ပါတယ်။ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီပေးဖို့အတွက် ယူကေအစိုးရက စတာလင်ပေါင် စုစုပေါင်း ၂၅ သန်းထိပံ့ပိုးပေးဖို့ ကတိကဝတ် ပြုထားပါတယ်”လို့ Ken O’ Flaherty က ဆိုပါတယ်။
ယူကေနိုင်ငံက အထောက်အပံ့ပေးရာမှာ ရှေးဦးသူနာပြုအကူအညီပေးခြင်း၊ အရေးပေါ် နဲ့ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ပေးခြင်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ အစားအစာ၊ ရေ၊ နေထိုင်ရန် အမိုးအကာပေးခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးအသုံးအဆောင်ပစ္စည်းများပါဝင်တယ်လို့လည်း သိရပါတယ်။
“ယူကေအစိုးရရဲ့ရန်ပုံငွေပံ့ပိုးမှုတွေအပြင် ယူကေနိုင်ငံသားများကလည်း မြန်မာ့ငလျင်ဘေးအတွက် သီးသန့်ရည်ရွယ်တဲ့ ပြည်သူလူထုရန်ပုံငွေကောက်ခံခြင်း အစီအစဥ်ကတစ်ဆင့် ရက်ရက်ရောရော လှူဒါန်းကြပါတယ်။ ရန်ပုံငွေကောက်ခံတဲ့ ပထမဆုံးရက်မှာတင် စတာလင်ပေါင် ၇ ဒသမ ၅ သန်းထိ ကောက်ခံရရှိခဲ့ပြီး လှူဒါန်းတဲ့ပမာဏကလည်း ဆက်လက်မြင့်တက်နေပါတယ်။ ဒါဟာ ယူကေနိုင်ငံသားများက မြန်မာပြည်သူများအတွက် ထားရှိတဲ့ နွေးထွေးလှိုက်လှဲစွာ အတူတူရှိနေတယ်ဆိုတာကို ဖော်ကျူးခြင်းပဲဖြစ်ပါတယ်။ ရိုးရာအစဥ်အလာအရ သင်္ကြန်ဟာ နှစ်ဟောင်းက အခက်အခဲအညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးခြင်း သဘောဆောင်တဲ့အတိုင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အချိန်၊ လုံ့လဝီရိယနဲ့ မဆုတ်မနစ်တဲ့ ကြိုးစားအားထုတ်မှုတွေလိုအပ်မယ်ဆိုတာ ကျွန်တော်တို့အားလုံး နားလည်ပေမယ့် ဒီမြန်မာ့နှစ်သစ်က ကိုယ်စိတ်ချမ်းမြေ့ခြင်းများနဲ့ ပိုမိုကောင်းမွန်တဲ့ နေ့ရက်တွေကို ဆောင်ကြဥ်းပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မြန်မာပြည်သူပြည်သားများအားလုံးရည်မှန်းတဲ့ ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက် ယူကေအစိုးရက ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများ အားလုံး ဘေးကင်းကျန်းမာပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်”လို့လည်း Ken O’ Flaherty က ပြောကြားပါတယ်။