
၁၇.၄.၂၀၂၅
Written By Zun
မြန်မာနိုင်ငံသားက ထိုင်းအမျိုးသမီး၏ ဦးခေါင်းကို ဘီယာပုလင်းဖြင့် ရိုက်၍ ဆွဲကြိုးလုယူထွက်ပြေးမှု ယမန်နေ့ ဧပြီလ ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။
အဆိုပါ ထိုင်းအမျိုးသမီးမှာ ထိုင်းနိုင်ငံ၊ ချမ်ဖွန်မြို့၊ အမှတ် (၁၁) ၊ ဝိနိုင်နူယာကျေးရွာတွင် ကုန်စုံဆိုင် ဖွင့်ထားသူဖြစ်ပြီး ယင်းဆိုင်သို့ ဈေးဝယ်ယူမည့်သူအသွင်ယူဟန်ဆောင်၍ မြန်မာနိုင်ငံသားက အထက်ပါ အတိုင်း ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။





ရိုက်နှက်ခံရသူ ထိုင်းအမျိုးသမီးက ရဲတပ်ဖွဲ့ကို ပြောပြချက်အရ မြန်မာနိုင်ငံသားမှာ အသက် ၃၀ ခန့် အရွယ် ရှိပြီး ဈေးဆိုင်သို့ရောက်ရှိလာကာ လက်အုပ်ချီ၍ မင်္ဂလာပါဟု ပြောဆိုကြောင်း၊ ယင်းနောက် ဆိုင်ပိုင်ရှင် ထိုင်းအမျိုးသမီး၏ ဦးခေါင်းကို အနီးရှိသည့် ဘီယာပုလင်းဖြင့်ရိုက်နှက်၍ သူဝတ်ဆင်ထားသော အလေးချိန် ၁ ကျပ်ခွဲသားရှိ ဆွဲကြိုးကို လုယူကာ အသင့်ယူဆောင်လာသည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသိရသည်။
ယင်း ဖြစ်စဉ်အတွက် ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးကာ ပြစ်မှုကျူးလွန်ခဲ့သူ ထွက်ပြေးသွားရာလမ်းကြောင်းအတိုင်း စုံစမ်းခဲ့ရာ ကျူးလွန်သူမှာ မည်သူမည်ဝါဆိုသည်ကို သိရပြီး ဖြစ်ကြောင်း အဆိုပါ သတင်းများတွင် ဖော်ပြထားသည်။
ကျူးလွန်သူမှာ အသက် ၃၅ နှစ်အရွယ် ကိုအောင် (ခေါ်) ကိုသူရဖြိုးဆိုသူဖြစ်ပြီး၊ ချမ်ဖွန်မြို့၊ အမှတ် (၁၁) ၊ ဝိနိုင် နူယာကျေးရွာတွင် ခြံလုပ်သားအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က ကိုအောင် (ခေါ်) ကိုသူရဖြိုးဆိုသူကို ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ပိတ်ဆို့ရှာဖွေနေကြောင်း သိရသည်။