

၁၇.၄.၂၀၂၅
Translated by Htwe Ko Tun
စင်ကာပူနိုင်ငံ၊ ဟိုဂန်ဒေသမှာ လူတစ်ဦးအားဓားနဲ့ထိုးပြီး သူ့ကို ဖမ်းဆီးတဲ့ ရဲအရာရှိသုံးဦးကိုလည်း ဒဏ်ရာရစေခဲ့တဲ့လူတစ်ဦးကို ဧပြီလ ၁၇ ရက် မွန်းလွဲပိုင်းမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က သူတို့ဆီ နေ့လည် ၁ နာရီ ၁၀ မိနစ်လောက်မှာ ဟိုဂန်ရိပ်သာလမ်း အမှတ်(၈) တစ်လျှောက်ကနေ အကူအညီတောင်းဖုန်းခေါ်ဆိုမှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရဲအရာရှိတွေရောက်ရှိသွားချိန်မှာတော့ အသက် ၂၂ နှစ်ရှိလူတစ်ဦးက အဝတ်အစားမပါ မိမွေးတိုင်းဖမွေးတိုင်း ပြေးလွှားနေတာကို တွေ့ခဲ့ကြရပါတယ်။
ထိုသူက အစောပိုင်းမှာတော့ အသက် ၃၀ နှစ်အရွယ် လူတစ်ဦးကို တိုက်ခိုက်ခဲ့ပါတယ်။ ရဲအရာရှိတွေက သူ့ကို ဖမ်းဆီးဖို့ကြိုးစားခဲ့ရာမှာတော့ သူက ရဲအရာရှိတွေကို သံချောင်းတွေရိုက်ထားတဲ့ သစ်သားပျဉ်ပြားတစ်ချပ်နဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ဒီအတွက် ရဲအရာရှိသုံးဦးမှာ ပြင်းထန်မှုမရှိလှတဲ့ ဒဏ်ရာတွေ ရခဲ့ပါတယ်။
ပထမဆုံးတိုက်ခိုက်ခံရတဲ့သူကိုလည်း ဆေးရုံသို့တင်ပို့ခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ဓားတစ်ချောင်းနဲ့ သစ်သားပြားတစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒီလူ့ကို ရဲအရာရှိလေးဦးက လမ်းပေါ်ကိုပစ်လှဲပြီး ချုပ်နှောင်ဖမ်းဆီးခဲ့ရတာပါ။ သူ့မှာ အတွင်းခံတောင် ဝတ်မထားဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ပြောခဲ့ကြပါတယ်။
Ref- CNA