
MT News
၁၇.၄.၂၀၂၅
ရွှေတိဂုံစေတီတော်တွင် ၁၃၈၇ ခုနှစ် နှစ်သစ်မင်္ဂလာအခါတော်နေ့နှင့် ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားများကို မြန်မာနှစ်ဆန်း ၁ ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပခဲ့သည်။
နံနက် ၇ နာရီအချိန်တွင် ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော် မြောက်ဘက် အောက်ပစ္စယာ သိင်္ဂုတ္တရဥယျာဉ်တော်အတွင်းရှိ ရှင်ဥပဂုတ္တမင်္ဂလာကန်တော်တွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဗုဒ္ဓဝယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသောင်းစိန်ဦးက ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်မင်္ဂလာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ရောင်စုံ ရွှေဝါငါးကြင်း အကောင်ရေ(၁၀၀၀)အား မင်္ဂလာကန်တော်အတွင်းသို့ ဘေးမဲ့သက်လွှတ်ခြင်း၊ အစာ ကျွေးခြင်းစသည့် နှစ်သစ်အခါသမယ ဇီဝိတဒါနကုသိုလ်များ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ယနေ့နံနက် ၅ နာရီ အရုဏ်တက်အချိန်တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ခြင်း၊ နံနက် ၅ နာရီခွဲအချိန်တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
နံနက် ၆ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခါတော်နေ့ အန္တရာယ် ကင်းပရိတ်တော်နှင့် ရေစက်ချအနုမာဒနာ တရားနာယူခြင်းအခမ်းအနားကိုကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့်ဇနီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ၊ ဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှ နဝင်္ဂသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသောင်းစိန်ဦးက အဖွင့်မင်္ဂလာစကား ဖတ်ကြားလျှောက်ထားခဲ့ပြီးနောက် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး နှစ်သစ်အချိန်အခါသမယတွင် ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ ရေစက်ချအနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် နံနက်ပိုင်းမှစ၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူ အများအပြား လာရောက်ဖူးမြော်လျက်ရှိပြီး စောင်းတန်းလေးသွယ်နှင့် ကားကွင်းများတွင်လည်း စတုဒီသာကျွေးမွေး လှူဒါန်းသူများဖြင့် စည်ကားများပြားလျက်ရှိကြသည်။