◾ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပါတီများကိုမှတ်ပုံတင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများမဖြစ်ရန်လိုကြောင်း ပြော
၂၄. ၁. ၂၀၂၃
Written by Nay Moe
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်းရန် SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သည့် နောက်ဆုံးအချက် ဖြစ်သော အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအားပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဆိုသည့်အတိုင်းကြိုတင်ဆောင်ရွက်ရန်လိုအပ်ချက်များကို အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်ရှိသော်လည်း ၈၈ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ၁၉ ပါတီသာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခြင်းခံရပြီး ၂ ဦးမှာ တစ်သီးပုဂ္ဂလအနေဖြင့် အနိုင်ရရှိခြင်းဖြစ်သည်။ ၎င်းအခြေအနေကိုသုံးသပ်ကြည့်ပါက မိမိတို့နိုင်ငံ၌ နိုင်ငံရေးပါတီများပြားနေပြီး ပါတီအလိုက်ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေသည်ကို တွေ့နိုင်သဖြင့် ဖြစ်သင့်သည်မှာ နိုင်ငံရေးပါတီများသည် မိမိကိုထောက်ခံသည့် ပြည်သူများကို စုစုစည်းစည်း အင်အားရှိရှိဖြင့် ကိုယ်စားပြုနိုင်ရန်လိုပြီး ပြည်သူတို့၏ စုပေါင်းစွမ်းအားဖြင့် နိုင်ငံကိုဦးဆောင်ရန်လိုအပ်သည်ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွေ့အကြုံများအရ ပါတီများပြားသော်လည်း လွှတ်တော်၌ပါဝင်ခွင့်ရသည့်ပါတီမှာ နည်းပါးသည်ကိုတွေ့ရပြီး နိုင်ငံရေးပါတီများပြားကာ ပါတီဝင်များအစုအဖွဲ့တစ်ခုအနေဖြင့်သာလုပ်ဆောင်နိုင်သည်ကိုတွေ့ရသည်။ အဆိုပါအစုအဖွဲ့မှာ ငယ်နေမည်ဆိုပါက ဧရိယာအားဖြင့်၊ အရေအတွက်အားဖြင့်၊ နယ်ပယ်အားဖြင့် ကြီးမားကျယ်ပြန့်စွာ စုစည်းနိုင်မှုမရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ပါတီများအားလုံး ယခုထက်ပိုမို၍ ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာနှင့် ထုထည်ဖြင့် ဖွဲ့စည်းနိုင်ရန်လိုအပ်နေသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်ပြဋ္ဌာန်းရန်နှင့် ရှေ့လုပ်ငန်းစဉ်တွင် ပါရှိသည့်အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို အတည်ပြုနိုင်ရန်အတွက် သုံးသပ်ဆွေးနွေး အကြံပြုကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
လက်ရှိတွင် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးနေခြင်းဖြစ်သည့်အတွက် မည်သို့သောအခြေအနေရှိသည် ဖြစ်စေ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်ရမည်များကို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူများအားလုံး အကြားအလပ်မရှိ မဲပေးနိုင်ရန်လိုအပ်ကာ ဆွေးနွေးပြီးသည့် EAO အဖွဲ့များနှင့်လည်း ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မူအားဖြင့် သဘောတူညီမှုရရှိပြီးဖြစ်၍ နိုင်ငံအဝှမ်း အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ်မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ဆိုသည်။
ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် နိုင်ငံရေးပါတီများ ရှိနေရမည်ဖြစ်သောကြောင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းနိုင်ရန်လည်းအရေးကြီးသဖြင့် လိုအပ်သည်များထပ်မံသုံးသပ်ပြင်ဆင်ပြီးပါက အတည်ပြု ထုတ်ပြန်သွားမည်ဖြစ်သည်။ အလားတူ ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပါတီများကိုမှတ်ပုံတင်ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့် နိုင်ငံရေးပါတီများမဖြစ်ရန်လိုကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်ရုံးများကိုအပြည့်အစုံ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မဲစာရင်းများမှန်ကန်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း၊ တစ်နိုင်ငံလုံးရှိစာရင်းဇယားများ မှန်ကန် စွာရရှိမှသာ မဲစာရင်းများမှန်ကန်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူများ အားလုံးပါဝင်သည့် လွတ်လပ်၍တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပနိုင်ရန်လို ကြောင်း၊ သမာသမတ်ရှိသည့်ရွေးကောက်ပွဲ၊ စနစ်ကျသည့်ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားသည်။