မန်ယူနှင့် ခြေစမ်းမည့် ASEAN-All Stars အသင်းတွင်ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်မောင်မောင်လွင်အား AFF ရွေးချယ်

၁၇. ၄. ၂၀၂၅
Written by Tha Doe
မြန်မာကစားသမားတစ်ဦးအနေဖြင့် ပရီးမီးယားလိဂ်မှ ကမ္ဘာကျော်မန်ချက်စတာယူနိုက်တတ်အသင်းနှင့် ယှဥ်ပြိုင်ကစားခွင့်ရမည်ဆိုပါက မဖြစ်နိုင်ကြဟု ဆိုရမည်ဖြစ်သော်လည်း ထိုအချက်သည် မြန်မာအသင်း၏ လက်ရှိ ကပ္ပတိန် မောင်မောင်လွင်အတွက် မဟုတ်ခဲ့ချေ။
မောင်မောင်လွင် မန်ယူနှင့်ကစားခွင့်ရမည်ဆိုသည်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ချိန်တွင် ကာယကံရှင်မဆိုထားနှင့် ပရိသတ်များကပင် ပျော်ရွှင်ကြပြီး မောင်မောင်လွင် ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိသည့် မန်ယူနောက်ခံလူ ဒါးလော့၊ ဒီလစ်တို့ မောင်မောင်လွင်၏ တိုးအားရုန်းအားကို ခံနိုင်ဖွယ်မရှိဟု ပျော်ရွှင်စွာ စ နောက်နေကြသည်ကိုလည်း တွေ့ရသည်။
မောင်မောင်လွင်သည် မန်ချက်စတာယူနိုင်တတ်နှင့် ယှဥ်ပြိုင်ကစားခွင့်ရနိုင်မည့်အခွင့်အရေးအဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)သည် လာမည့် မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက် အသင်းနှင့် အာဆီယံ ညွန့်ပေါင်း ASEAN-All Stars တို့ခြေစမ်းပွဲအား စီစဉ်ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင်အား အာဆီယံညွန့်ပေါင်းအသင်းမှ ပါဝင်ကစားရန် ရွေးချယ်လိုက်ကြောင်း AFF ကမြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ တရားဝင် ဆက်သွယ် အကြောင်းကြားခဲ့သည်။
မောင်မောင်လွင်သည် လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ပါဝင်ကစားနေသလို ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warrior FC တွင်လည်း ပရော်ဖက်ရှင်နယ်ပီပီ ခြေစွမ်းပြ ကစားနေခြင်းကြောင့် အာဆီယံညွန့်ပေါင်း အသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်း ဖြစ်ကြောင်း AFF က ထုတ်ပြန်သည်။ အာဆီယံ ညွန့်ပေါင်းအသင်းနည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင် အသင်းနည်းပြ MR. Kim Sang-Sik ကတာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
ဟံသာဝတီယူနိုက်တတ်၊ ရန်ကုန်ယူနိုက်တတ်နှင့် လန်ဖွန်းဝါရီယာတို့အတွက် သွင်းဂိုး ၅၂ ဂိုးသွင်းယူပေးထားသလို မြန်မာ့လက်ရွေးစင်အသင်းအတွက် ၁၉ ဂိုးသွင်းယူပေးထားသော ၂၉ နှစ်သား မောင်မောင်လွင် မန်ယူအသင်းနှင့် ပါဝင်ကစားရန် ရွေးချယ်ခံလိုက်ရခြင်းသည် ပါဝင်ခွင့်မရလျင်ပင် ဂုဏ်ယူစရာဖြစ်သလို ခြေစမ်းပွဲတို့ဓလေ့အရလည်း ပါဝင်ခွင့်ရနိုင်မည်ဖြစ်သဖြင့် ကမ္ဘာ့ထိပ်တန်းကစားသမားတို့နှင့် တွဲဖက်ယှဥ်ပြိုင်ခွင့်ရမည့်အဖြစ်လည်းဖြစ်ရာ မြန်မာ့လက်ရွေးစင်ကစားသမားတစ်ဦးအတွက် ထာဝရဂုဏ်ယူစရာလည်း ဖြစ်လာခဲ့မည်ဖြစ်သည်။