ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း KRF လက်နက်ကိုင်အဖွဲ့က ဘုရားဖူးများကို ပစ်ခတ်တိုက်ခိုက်ရာမှ ၄ ဦးသေဆုံးက ၁၈ ဦး ဒဏ်ရာရသည့်ဖြစ်စဥ်အပြီး အဆိုးဆုံး ကျူးလွန်မှုဖြစ်လာ

၁၇. ၄. ၂၀၂၅
Written by Nay Moe
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်သို့ ဘုရားဖူးရန် လာရောက်သည့် ပြည်သူများအား ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းရှိ ဝါဆိုမိုး စားသောက်ဆိုင်၌ ထမင်းစားနေစဉ် PDF များက သင်္ကြန်အတက်နေ့ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်သို့ ဘုရားဖူးလာရောက်သည့် ဒေသခံပြည်သူ အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၄၈ ဦးတို့သည် ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းရှိဝါဆိုမိုးစားသောက်ဆိုင်၌ ထမင်းစားနေစဉ် PDF များက လက်နက်ငယ်ကိုယ်စီဖြင့် ခြေလျင်ရောက်ရှိလာပြီး ဘုရားဖူးလာသည့် ခရီးသည်များအား Light Truck ၂ စီးပေါ်သို့ အတင်းအဓမ္မတင်ဆောင်၍ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ ခရီးသည် ၄၈ ဦးအနက် ၄၃ ဦးတို့အား ဧပြီ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဝင်းကံကျေးရွာမှ တစ်ဆင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အမျိုးသား ၅ ဦးတို့အား သီးခြားခွဲထုတ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဥ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ကျိုက်ထီးရိုးဘုရားဖူးများကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တပ်ဖွဲ့ ဦးဆောင်သည့် PDF များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားဖူးပြည်သူ လေးဦးသေဆုံးခဲ့ရပြီး ဘုရားဖူးပြည်သူ ၁၈ ဦးဒဏ်ရာရခဲ့မှုဖြစ်စဥ်နောက်ပိုင်း PDF များ၏ အဆိုးဆုံးကျူးလွန်မှုဖြစ်လာခဲ့သည်။
KRF သည် အဂတိလိုက်စားမှုပေါင်းများစွာနှင့် ထောင်နှစ်ရှည်ကျခံနေရသည့် မွန်ပြည်နယ်ဝန်ကြီး ချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်သည့် အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့က ကျိုက်ထိုနယ်တွင် ကျက်စားသလို တံတားချိုးမှု၊ လူသတ်မှုများစွာ လုပ်ဆောင်နေသည့်အပြင် ပြီးခဲ့သည့် သုံးနှစ်အတွင်း ရဟန်းသံဃာအပါအဝင် လူ ၁၈၂ ဦးအထိ သတ်ထားသည်ဟုလည်း ယမန်နှစ် စက်တင်ဘာ ၁၆ ရက်တွင် ဝန်ခံထားသည့် အဖွဲ့ဖြစ်သည်။
အဆိုပါဖြစ်စဥ်အပြီးတွင် KRF အဖွဲ့က ကျိုက်ထီးရိုးဘုရားဖူးများကို ဆက်လက်မနှောင့်ယှက်ရန် ဒေသခံလုပ်ငန်းရှင်တို့က KNU/KNLA နှင့် KRF တို့တောင်းခံသော ဆက်ကြေးသိန်းထောင်ချီ နှစ်စဥ်ပေးခဲ့သော်လည်း ယခုကဲ့သို့ လက်နက်ကိုင်များ အပစ်ရပ်ထားချိန်နှင့် သင်္ကြန်ကာလအခါသမယ အချိန်တွင်မှ မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသည်ကို ထိုဒေသအခြေစိုက်ကာ ရာဇဝတ်မှုကျူးလွန်နေသော KNU/KNLA နှင့် KRF တို့က ထုတ်ပြန်ဝန်ခံလာမှုမရှိသေးချေ။
CRPH ၊ NUG လက်ဝေခံ PDF များ၊ EAOs များအနေဖြင့် ပြည်သူလူထုအပေါ် အကြောင်းမဲ့ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများအား မကြာခဏ ပြုလုပ်လျက်ရှိပြီး ပြည်သူလူထု၏ ဘာသာရေးဓလေ့ထုံးတမ်းများ ပြုလုပ်နေမှုကို နှောင့်ယှက်ခြင်း၊ အများပြည်သူ အနေဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန် ကျင်းပနေမှုများ၊ ဘုရားစေတီပုထိုးများတွင် ကုသိုလ် ကောင်းမှု ပြုလုပ်နေကြသည်များကို မလိုလား၍ ယခုကဲ့သို့ ဘုရားဖူးလာရောက်သည့် ဒေသခံ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပြည်သူများအား အကြောက်တရားများ ပိုမိုဖြစ်ပေါ် စေရန် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် အတူပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။