လုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုစားဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ် ၃၂ ဦးကိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း





၁၇. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သာသနာတော်သုံးရပ် တိုးတက်စည်ပင်ထွန်းကား ပြန့်ပွားစေရန်အလို့ငှာ သာသနာတော်တွင် ပစ္စည်းလေးပါးတို့ဖြင့် စွမ်းစွမ်းတမံ ထောက်ပံ့လှူဒါန်းခဲ့သော ပုဂ္ဂိုလ် ၁၅ ဦးအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၅၉/၂၀၂၅) ဖြင့် ယနေ့တွင် ကြေညာထားသည်။
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို သာသနာရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးသူရဦးမြင့်မောင်အား ချီးမြှင့်ခဲ့ပြီး သီဟသုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ၁၄ ဦး ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ် ၃၂ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၆၀/၂၀၂၅) ဖြင့် ယနေ့တွင် ကြေညာထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်ဟိန်း၊ ဒေါက်တာမူထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင့်၊ ဦးရန်ကျော် အဖွဲ့ဝင်(ငြိမ်း)၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး အပါအဝင် ၁၃ ဦးအား ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့၊ စည်သူဘွဲ့ကို ချီးမြှင့်ခဲ့သည်။
စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရာတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဉာဏ်ထွန်း၊ ဦးထွန်းအုံ၊ ဒေါက်တာစိုးဝင်း အပါအဝင် ၉ ဦးအား သီရိပျံချီဘွဲ့ကို ချီးမြှင့်ခဲ့ပြီး ဇေယျာကျော်ထင်ဘွဲ့ ၂ ဦး၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ UMFCCI အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် အပါအဝင် ၄ ဦးအား ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်ခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင် ဦးကြည်စိုး၊ ဒေါ်ဝါဝါဝင်းရွှေ၊ ဒေါ်ခင်သန်းနုနှင့် မောင်းနှင်းမိုး (ရုပ်ရှင်ဒါရိုက်တာ)တို့ ၄ ဦးအား အလင်္ကာကျော်စွာဘွဲ့များ ချီးမြှင့်ခဲ့သည်။