


၁၇. ၄. ၂၀၂၅
Written by Nyein Kyaw
မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းသား/အကျဉ်းသူ ၄၈၉၀ ကျော်နှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး လူသတ်မှု၊ မုဒိမ်းမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ၊ အဂတိမှု၊ အကြမ်းဖက်မှုများမှအပ ကျန်သူများအား ပြစ်ဒဏ် ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယနေ့တွင် ထုတ်ပြန်ထားသည်။
SAC ဥက္ကဋ္ဌသည် မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၄,၈၉၃ ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၁ / ၂၀၂၅) ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။
ထို့အတူ မြန်မာနှစ်သစ်အခါသမယအထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၃ ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၂ / ၂ဝ၂၅) ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်။
အလားတူ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့် လည်းကောင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေ အရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂ဝ၂၃ ခုနှစ် လက်နက်ဥပဒေ အရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင် / အချုပ်ထောင် / စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃ဝ / ၂၀၂၅) ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သည်။
ယခုကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ ပြစ်ဒဏ်လျှောပေါ့မှုများ ရရှိသူများအနေဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်သည်။