
၁၇.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က သူ့ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒမှာ ပုံမှန်အားဖြင့် သဘောထားတင်းမာတယ်လို့ ဆိုကြပေမယ့် ဧပြီလ ၁၅ ရက်ကပြောခဲ့ရာမှာတော့ တင်းမာတဲ့ပုံစံက သွေ ဖည်ပြီး တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ မိမိကိုယ်မိမိ ပြည်နှင်ဒဏ်ပေးပြီး ကိုယ့်သဘော ဆန္ဒအလျောက် အမေရိကန်ပြည်ထောင်စုကနေ ပြန်ထွက်ကြတယ်ဆိုရင် သူတို့ကို ငွေကြေးနဲ့ လေယာဉ် လက်မှတ် ပေးလိုပါတယ်လို့ ဆိုခဲ့ပါတယ်။
အစုလိုက်အပြုံလိုက် နှင်ထုတ်မှုတွေလုပ်သွားမယ်လို့ ကတိပေးပြောကြားထားတဲ့ သမ္မတထရန့်ကို Fox Noticias သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ သူ့အစိုးရအနေနဲ့ လူသတ်သမားတွေလို့တောင် ဆိုရမယ့်သူတွေကို နိုင်ငံတွင်းကထွက်သွားဖို့ အလေးထားနေတာပါ။ ဒါပေမယ့် တခြားသော အမေရိကန် ပြည်ထောင်စုအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုတော့ မိမိကိုယ်မိမိ ပြည်နှင်ဒဏ်ပေးပြီး ပြန်လည်ထွက်ခွာကြမယ့် အစီအစဉ်ကို ဆောင်ရွက်သွားလိုတယ်လို့ ပြောခဲ့ပါတယ်။
ထရန့်က အချိန်ကာလ အပါအဝင် ဒီအစီအစဉ်အတွက် အသေးစိတ်အချက်အချို့ကိုသာ ပြောခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရအနေနဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို လေယာဉ်ခနဲ့ ထောက်ပံ့ကြေးပံ့ပိုးပေးမယ်လို့ ပြောခဲ့ပါတယ်။
ထရန့်က “ကျွန်တော်တို့ သူတို့ကို ထောက်ပံ့ကြေးပေးပါ့မယ်။ ငွေသားတချို့နဲ့ လေယာဉ်လက်မှတ်ပေးမှာပါ။ ဒီနောက်မှာတော့ ကျွန်တော်တို့ သူတို့နဲ့အတူ အလုပ်လုပ်ချင်ပါတယ်။ သူတို့မှာကောင်းမွန်တဲ့ အရည်အသွေးတွေရှိရင် တတ်နိုင်သမျှအမြန်ဆုံး သူတို့နဲ့ လက်တွဲဆောင်ရွက်နိုင်အောင်လုပ်မှာပါ” လို့ ပြောခဲ့ပါတယ်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး Sean Duffy နဲ့ လက်ထပ်ထားတဲ့ Fox Noticias က တွေ့ဆုံမေးမြန်းသူ Rachel Campos-Duffy က ထရန့်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က အမေရိကန်ကို တရားမဝင် ရောက်ရှိလာပြီး အခုဆိုကလေးတွေက အမေရိကန်နိုင်ငံသားတွေဖြစ်နေကြပြီလို့ ပြောတဲ့ မက္ကဆီကို အမျိုးသား တစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ မက္ကဆီကိုအမျိုးသားက အခုဆိုရင် ဥပဒေအရခွင့်ပြုချက်ရပြီလားဆိုတာ ရှင်းရှင်းလင်းလင်းမသိပါဘူး။ ဒါပေမယ့် Campos-Duffy က ဒီလူ့အနေနဲ့ မဲပေးခွင့်မရခဲ့တာတောင် ထရန့်ကိုထောက်ခံခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Ref- AP