
၁၇. ၄. ၂၀၂၅
Written by MMAK
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို PSG နဲ့ ဘာစီလိုနာတို့ တက်သွားအပြီးမှာ နောက်တက်လာမယ့် နှစ်သင်းစာအတွက် ပထမအကျော့က အာဆင်နယ်အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ ရီးရဲအသင်းက ဘာနေဗျူးမှာ အာဆင်နယ်ကို လက်ခံကစားခဲ့သလို အိမ်ကွင်းမှာ အင်တာမီလန်ကို ၁ ဂိုး ၂ ဂိုးနဲ့ ရှုံးခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့က အဝေးကွင်းမှာ နောက်တစ်ဆင့်အတွက် ကြိုးစားပေမယ့် အားထုတ်ပုံမလှခဲ့သလို အသင်းကြီးဆိုတဲ့အရှိန်အဝါတွေလည်း ပျောက်ဆုံးနေတာကြောင့် ရီးရဲနဲ့ ဘိုင်ယန်တို့ဟာ ချန်ပီယံလိဂ်ကို အရှုံးကိုယ်စီနဲ့ ထပ်မံနှုတ်ဆက်သွားကြပါပြီ။

ရီးရဲမက်ထရစ် ၁ Vs ၂ အာဆင်နယ်
ဗင်နီစီးယပ်စ် ၆၇
ဆာကာ ၆၅’
မာတင်နယ်လီ ၉၀+၃
အာဆင်နယ်ကို အဝေးကွင်းမှာ ၃ ဂိုး ဂိုးမရှိ ရလဒ်နဲ့ မရှုမလှရှုံးခဲ့တဲ့ ရီးရဲဟာ သူ့အိမ်ကွင်းဘာနေဗျူးမှာ အာဆင်နယ်ကို အနိုင်ရဖို့ လူစုံထုတ်ခဲ့တာပါ။ ဒါပေမဲ့ ၄-၃-၃ နဲ့ ပွဲထွက်လာတဲ့ ရီးရဲတိုက်စစ်က ရိုဒရီဂို၊ ဘာပေနဲ့ ဗင်နီစီးယပ်စ်တို့ဟာ မနှစ်ကပုံစံ ပျောက်နေခဲ့တဲ့အပြင် အချိန်တန်ရင် ရီးရဲပဲနိုင်သွားမှာဆိုတဲ့ ယုံကြည်မှုမျိုးပါ မမြင်ရ၊ လှပတဲ့ကစားကွက်လည်းမတွေ့ရဘဲ ပထမတစ်ပိုင်းလုံး ကြောင်ပျောက်နေခဲ့ပါတယ်။
အဝေးကွင်းမှာ လာကစားရတဲ့ အာဆင်နယ်ကတောင် ပိုကောင်းတဲ့ အခိုက်အတန့်အချို့ ဖန်တီးပြနိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၅ မိနစ်မှာ ရီးရဲနောက်ခံလူ ၄ ယောက်ကြားက ဆာကာက လွတ်လွတ်ကျွတ်ကျွတ်ပြေးထွက်သွားပြီး မာရီနိုနဲ့ အိုဒီဂတ် တွဲလုံးကတစ်ဆင့် ပိတ်သွင်းရာမှာတော့ ရီးရဲတို့ နှစ်ကျော့ပေါင်း ၄ ဂိုး ဂိုးမရှိရလဒ်နဲ့ ပိုရုပ်ပျက်သွားခဲ့ပါတယ်။
ဒါပေမဲ့ နှစ်မိနစ်အကြာ ပွဲကစားချိန် ၆၇ မိနစ်မှာပဲ သတိလွတ်နေတဲ့ ဆလီဘာ ဘောလုံးရယူချိန် ဗီနီစီးယက်စ်က ဖြတ်လုပြီး ကန်သွင်းရာမှာတော့ ၁ ဂိုးစီသရေကျပြီး ချန်ပီယံလိဂ်ဘုရင် ပြန်လာတော့မလား ထင်မှတ်မှားရတော့မလိုဖြစ်ပေမဲ့ အရာရာက ရီးရဲဘက် ရှိမနေခဲ့တဲ့အပြင် အာဆင်နယ်ရဲ့ ရှေ့၊ လယ်၊ နောက် မျှတမှုနဲ့ လူငယ်တွေရဲ့ အားထုတ်မှုကြောင့် ရီးရဲတို့ ပြန်မလာနိုင်တော့ဘဲ ပွဲကစားချိန် ၉၃ မိနစ်မှာ မာရီနို ပေးပို့တာကို မာတင်နယ်လီက တစ်ကိုယ်တော်အစွမ်းနဲ့ ကန်သွင်းသွားချိန်မှာတော့ ချန်ပီယံလိဂ်ဘုရင်ဟာ အာဆင်နယ်ကို အိမ်ကွင်းရော အဝေးကွင်းပါ ရှုံးချက်နာပြီး နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ ကွာတားကပဲ နှုတ်ဆက်သွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရီးရဲဟာ ဂိုးကန်သွင်းချက် ၁၈ ကြိမ်ရှိပေမဲ့ ဂိုးပေါက်တည့်မှု ၃ ကြိမ်သာရှိပြီး အာဆင်နယ်က ၁၁ ကြိမ်ကန်ရာမှာ ၆ ကြိမ် ဂိုးပေါက်တည့်ခဲ့တာလည်း တွေ့ရပြီး ဒီအရှုံးဟာ အန်ဆယ်လော့တီကို နောက်ဆုံးနှုတ်ဆက်ဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက်လည်း ဖြစ်သွားစေနိုင်ခဲ့ပါတယ်။

အင်တာမီလန် ၂ Vs ၂ ဘိုင်ယန်မြူးနစ်
မာတီနက် ၅၈’
ပါဗတ် ၆၁’
ကိန်း ၅၂’
ဒိုင်ယာ ၇၆’
အိမ်ကွင်းမှာ အင်တာကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ရတာကြောင့် အနိုင်ရဖို့လိုအပ်နေတဲ့ ဂျာမန်ဘီလူးကြီးတွေဟာ တိုက်စစ်မုန်တိုင်းဆင်ဖို့ ပထမအကျော့လိုပဲ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ အင်တာမီလန်ကလည်း အဟုန်ပြင်းတဲ့ တိုက်စစ်ကို ပွဲကစားချိန် ၅၁ မိနစ်အထိ တောင့်ခံခဲ့ပြီး ပွဲကစားချိန် ၅၂ မိနစ်ကျမှ ဂေါ်ရက်ဇ်ကာ ဖန်တီးပေးတာကို ကိန်းက သွင်းယူလိုက်ချိန်မှာ နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီနဲ့ တူညီသွားပြီး ဘာမဆိုဖြစ်နိုင်တဲ့အနေအထားကို ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒီအဖြစ်က ၅ မိနစ်သာကြာခဲ့ပြီး ပွဲကစားချိန် ၅၈ မိနစ်မှာတင် ဒီရာသီမှာရော ပထမအကျော့မှာပါ ခြေစွမ်းပြနေတဲ့ ကပ္ပတိန်တိုက်စစ်မှူး လောက်တရိုမာတီနက်စ်က ချေပဂိုးပြန်သွင်းပြီး ဂျာမန်ဘီလူးကြီးကို တိတ်ဆိတ်စေခဲ့သလို သုံးမိနစ်အကြာမှာပဲ ပါဗက်ကပါ အသင်းအတွက် ဦးဆောင်ဂိုးထပ်သွင်းလိုက်ချိန်မှာ ဘိုင်ယန်တို့ အခြေမဟန်တော့ဘဲ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးဆိုတဲ့ဖြစ်ရပ်ဆိုးကို ပိုင်ဆိုင်သွားပါတယ်။ အိမ်ကွင်းမှာလည်းဖြစ်၊ ဘိုင်ယန်ကိုလည်း နှစ်ဂိုးသာနေတဲ့ အင်တာတို့ဟာ နောက်ပိုင်းမှာတော့ အခြေအနေကို ထိန်းသွားခဲ့လို့ ဘိုင်ယန်တို့ အခွင့်အရေးပြန်ရလာပြီး ပွဲကစားချိန် ၇၆ မိနစ်မှာ ဒိုင်ယာက နှစ်ဂိုးစီသရေကျအောင် စွမ်းဆောင်ပေးပေမဲ့လည်း လိုအပ်နေတဲ့ တစ်ဂိုးကို ပွဲချိန်အတွင်းရပြီး အချိန်ပိုဆက်ကန်ဖို့ ဘိုင်ယန်တို့မစွမ်းနိုင်တဲ့အဆုံးမှာ ချန်ပီယံလိဂ်ကို ကွာတားကပဲ နှုတ်ဆက်သွားခဲ့ပါတယ်။
အခုဆိုရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ PSG ၊ ဘာစီလိုနာ၊ အာဆင်နယ်နဲ့ အင်တာတို့ တက်ရောက်သွားပြီဖြစ်ပြီး ဒီလေးသင်းထဲမှာမှ ချန်ပီယံလိဂ်ဖလားကို တစ်ခါမှ မကိုင်ဖူးသေးတဲ့ အာဆင်နယ်နဲ့ PSG တို့ဟာ ဖလားရမလား အခွင့်အရေးကို ဆုပ်ကိုင်နိုင်နေပြီဖြစ်ပေမဲ့ ဆီမီးဖိုင်နယ်မှာ ဘာစီနဲ့ အင်တာ၊ အာဆင်နယ်နဲ့ PSG တို့ ထိပ်တိုက်တိုးနေလို့ ဖလားမျှော်လင့်ချက်ဟာ မရဖူးတဲ့တစ်သင်းအတွက်ပဲ ကျန်ခဲ့မှာဖြစ်ပြီး အဖြေကိုတော့ ဧပြီ ၂၉ ရက် ပထမအကျော့နဲ့ မေလ ၆ ရက် ဒုတိယအကျော့မှာ သိရမှာပါ။