
၁၆. ၄. ၂၀၂၅
Written by Nyein Kyaw
တပ်မတော်က အပစ်အခတ်ရပ်စဲထားချိန် KIA၊ KNU နှင့် AA အဖွဲ့များက တပ်မတော် လုံခြုံရေးစခန်းများအား ယမန်နေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“တပ်မတော်အနေနဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကြေညာထားတဲ့အချိန်မှာ KIA အနေနဲ့ ဧပြီလ ၁၅ ရက်နေ့ မနက် ၈ နာရီနဲ့ နေ့လယ် ၃ နာရီခွဲအချိန်ခန့်မှာ တနိုင်းဒေသ၊ ဒွန်ဘန်ရွာအနီး၊ လဝါးရွာအနီးမှာ တပ်မတော်လုံခြုံရေးစခန်းနှစ်ခုကို နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ပါတယ်။ အလားတူပဲ ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်နဲ့ ည ၁၀ နာရီအချိန်မှာ ဗန်းမော်မှာရှိတဲ့ တပ်စခန်းတွေကို အဝေးကနေ လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာရှိပါတယ်။ KNU အနေနဲ့ ဧပြီလ ၁၅ ရက်နေ့ မနက် ၇ နာရီခွဲနဲ့ နေ့လယ် ၁၀ နာရီခွဲအချိန်ခန့်မှာ ကျုံဒိုးမြို့ အရှေ့တောင်ဘက် လေးတိုင်ရွာအနီးမှာ လာရောက်ပစ်ခတ်ခဲ့တာရှိပါတယ်။ ကော့ကရိတ် ရင်ခွဲတောင် စခန်းနားလေးမှာရှိတဲ့ လုံခြုံရေးစခန်းကို အဝေးကနေ လာရောက်ပစ်ခတ်ခဲ့တာရှိပါတယ်။ ထို့အတူပဲ အဲနေ့မှာပဲ ထီးထလုံခြုံရေးစခန်းကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ AA အနေနဲ့ ဧပြီလ ၁၅ ရက်နေ့ ည ၆ နာရီအချိန်ခန့်မှာ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်က အပစ်အခတ်ရပ်စဲထားသော ကာလဖြစ်သည့် ဧပြီလ ၆ ရက်နှင့် ၈ ရက်တို့တွင်လည်း အဆိုပါ လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်ဌာနချုပ်၊ သစ်တောရုံး လုံခြုံရေးစခန်း၊ လုံခြုံရေးယူနေသည့် စစ်ရေယာဉ်များ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့သလို ဧပြီလ ၁၃ ရက်တွင်လည်း KIA၊ KNU၊ KNPP/KNDF နှင့် PDF အဖွဲ့များက လုံခြုံရေးစခန်းနှင့် ကင်းစခန်းများအပြင် ကျေးရွာများရှိ လူနေအိမ်ခြေများကိုပါ ဒရုန်းများဖြင့် Drop Bomb ချကာ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ထို့ပြင် MNDAA ၊ TNLA နှင့် AA တို့က ဧပြီတစ်လလုံး တစ်ဖက်သတ်အပစ်ရပ်မည်ဟု ဧပြီ ၁ ရက်က ကြေညာခဲ့သော်လည်း အကြမ်းဖက်လက်နက်ကိုင်များ၏ သစ္စာမဲ့မှု၊ ကတိမတည်မှုထုံးစံအတိုင်း ဧပြီ ၂ ရက် မနက်တွင်လည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က တပ်မတော်၏ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းယူလိုက်ကြောင်း ဧပြီ ၅ ရက်တွင် ထုတ်ပြန်ထားသေးသည်။
ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း မြောက်ပိုင်းသုံးဖွဲ့ဝင်ဖြစ်သည့် MNDAA သည် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ လားရှိုးကို အပစ်ရပ်မည်ဖြစ်ကြောင်း တိုင်းသိ ပြည်သိ တရုတ်နိုင်ငံသိအောင် ကြေညာစာထုတ်ခဲ့သော်လည်း ကတိမတည်ဘဲ လားရှိုးကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုတွင် လားရှိုးတပ်မတော်ဆေးရုံရှိ လူနှင့် ဆေးတပ်မှ တပ်မတော်သားရာချီ သေဆုံး အဖမ်းခံခဲ့ရသည့် သစ္စာမဲ့ ကတိမတည်မှု ပြယုဂ်အထင်ကရရှိခဲ့သည်။
လက်ရှိတွင်လည်း အဆိုပါလမ်းစဉ်များနည်းတူ KIA၊ KNU၊ TNLA၊ AA၊ KNDF/KNPP နှင့် PDF တို့သည် တပ်မတော်က ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် အပစ်အခတ် ရပ်စဲထားပေးချိန်တွင်လည် တပ်မတော်လုံခြုံရေးစခန်းများနှင့် နယ်မြေခံရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။