
၁၆. ၄. ၂၀၂၅
Written by Nay Moe
အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ် 𝐂𝐁𝐂-𝐔𝐒𝐀 က သင်းအုပ်ဆရာတွေဟာ ချင်းပြည်သူများစွာထံက အလှူခံထားတဲ့ တော်လှန်ရေးရန်ပုံငွေ ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးသုံးတဲ့ ပုံစံနဲ့ ဖြေရှင်းမှုမရှိဘဲ တာ၀န်ယူ တာ၀န်ခံမှု ပျက်ကွက်ခဲ့တယ်လို့ The In-Depth က ဖော်ပြထားပါတယ်။
“CBCUSA အနေနဲ့ တလောတုန်းက တော်လှန်ရေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး တံခါးပိတ် အစည်းဝေးလုပ်ကြောင်း သိရတယ်။ ၂၀၂၁-၂၀၂၃ ကြား CBCUSA ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၁၂ သန်းကျော် ရရှိထားပါတယ်။ ဒါ CBCUSA ကိုယ်တိုင် ဖော်ပြခဲ့တဲ့ စာရင်းအရပါ။ ဒီရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ တစ်လလောက်က တံခါးပိတ် အစည်းဝေးလုပ်တယ်လို့ သိရပါတယ်။ တံခါးပိတ် အစည်းဝေးမှ သိရှိတဲ့အချက်လက်အရ CBCUSA က ချင်းအမျိုးသားတပ်ဦး (CNF/CNA) ထံ ကန်ဒေါ်လာ ၅၄၆,၅၈၇(ငါးသိန်းလေးသောင်းခြောက်ထောင်ငါးရာရှစ်ဆယ်ခုနစ် ဒေါ်လာ) တိတိ သာပေးထားကြောင်း ဖော်ပြထားတယ်။ ကျန်ငွေ ကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းကျော်ရှိပြီး အရင်က ဖော်ပြချက်အရ ကန်ဒေါ်လာ ၅ သန်းကျော် လက်နက်ပွဲစား ထံပေးခဲ့ပြီး အလိမ်ခံရကြောင်းနဲ့ ထိုလက်နက်ပွဲစားကြီးက သေဆုံးသွားပြီဖြစ်ကြောင်း CBCUSA လူကြီးတွေကိုယ်တိုင် ပြောခဲ့တယ်။ CBCUSA ဆိုတာ အမေရိကားအခြေစိုက် ချင်းနှစ်ခြင်းခရစ်ယာန် အသင်းချုပ်ကြီးပါ။ ၂၀၂၁ တော်လှန်ရေးစစခြင်း ပြည်ပရောက် ချင်းပြည်သူတွေ အနေနဲ့ အာဏာရှင်တော်လှန်ရေးအတွက်ဆိုကာ အယုံကြည်ရဆုံးဖြစ်တဲ့ CBCUSA ထံ ယုံယုံကြည်ကြည် လှူခဲ့ကြတာဖြစ်တယ်။ ထိုအလိမ်ခံရတဲ့ ဒေါ်လာ ၅ သန်းကျော်နဲ့ လက်ကျန်တော်လှန်ရေး ရန်ပုံ၍ငွေကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တိုင်း CBCUSA အနေနဲ့ အမြဲခေါင်းရှောင်တာ တွေ့ရတယ်။ ပြည်သူတွေအနေနဲ့ ထိုရန်ပုံငွေအကြောင်း မေ့ပစ်သင့်ကြောင်း ဒါမှမဟုတ် သူတို့ကိုယ်တိုင် အလွဲသုံးစားလုပ်တာ မဟုတ်တဲ့အတွက်ကြောင့် ဘာမှမတတ်နိုင်ကြောင်းနဲ့ မေးခွန်းထုတ်သူကို ပြန်အပြစ်ပြောတာမျိုး လုပ်တာတွေ့ရပြီး ပွင့်လင်းမြင်သာမှု နဲ့ တာ၀န်ယူတာ၀န်ခံမှု (Transparency and Accountability) လုံး၀မရှိတာ တွေ့ရတယ်။ ချင်းသမိုင်းတစ်လျှောက် အာဏာရှင်တော်လှန်ရေးအတွက် ဒီလောက်များပြားတဲ့ ငွေပမာဏ မရရှိခဲ့ဖူးပါ။ ဒီလောက်များပြားတဲ့ ငွေပမာဏာကို လိုအပ်တဲ့နေရာမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့ရင် တော်လှန်ရေးခရီး အတော်လေးပေါက်မှာ သေချာတယ်။ အခုတော့ အလွဲလွဲ အချော်ချော်ဖြစ်တဲ့အပြင် တာ၀န်ယူတာ၀န်မှု ပျက်ကွက်တာတွေ့ရတော့ ချင်းပြည်သူတွေ အကြား မကျေနပ်မှု အတော်များနေတာ တွေ့ရတယ်” လို့ The In-Depth က ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလ ၂၀၂၁ နဲ့ ၂၀၂၃ အကြား CBCUSA အလှူခံထားပြီး ဒီနေ့အထိ စာရင်းမရှင်းနိုင်သေးတဲ့ ကန်ဒေါ်လာ ၁၂ သန်းကျော်နဲ့ ပတ်သက်ပြီး အလွဲသုံးစားလုပ်ခြင်း ဟုတ် မဟုတ် ဖြေရှင်းဖို့အချက်အပါအဝင် အချက် ၆ ချက်လည်း The In-Depth ကတောင်းဆိုထားပြီး အဆိုပါ အချက်တွေက
၁။ ကန်ဒေါ်လာ ၁၂ သန်းကျော်နဲ့ စာရင်းဇယားအတိအကျကို ချင်းပြည်သူထံ (သို့မဟုတ်) သက်ဆိုင်ရာ တာ၀န်ရှိပုဂ္ဂိုလ်များထံ ချပြဖို့လိုပါတယ်။ ဥပမာ၊ များသောအာဖြင့် CBCUSA ထံ တစ်ဦးချင်း အလိုက်၊ ရွာအလိုက်၊ အဖွဲ့စည်းအလိုက်၊ ဒေသအလိုက်၊ အသင်းတော်အလိုက် အလှူငွေ အပ်နှံခဲ့တာဖြစ်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ၎င်းအဖွဲ့စည်းများရဲ့ တာ၀န်ရှိ ပုဂ္ဂိုလ်များထံ စာရင်းဇယား အတိအကျ ချပြဖို့လိုပါတယ်။ အချင်းချင်းဆိုပြီး နားလည်မှုနဲ့ အမှုပြီးခိုင်းတာမျိုး မလုပ်သင့်ပါ။
၂။ သေဆုံးသွားပါတယ်ဆိုတဲ့ လက်နက်ပွဲစားကြီးနဲ့ နှစ်ဖက်အကြား သဘောတူညီချက် (Bilateral Agreement)၊ သတ်မှတ်ချက်များနှင့် လိုက်နာရမည့် စည်းမျဉ်းများ (Terms and conditions) အားလုံးနဲ့ ငွေပေးချေမှု (Receipts or evidence of transaction) အထောက်ထားများ ပြည်သူထံ သို့မဟုတ် သက်ဆိုင်ရာ တာ၀န်ရှိပုဂ္ဂိုလ်များထံ ချပြရပါလိမ့်မယ်။ ပြီးတော့ လက်နက်ပွဲစားကြီးရဲ့ နာမည်နဲ့ ကိုယ်ရေးရာဇ၀င် (Profile) နဲ့ အမှန်တကယ် သေဆုံးခြင်း ဟုတ်မဟုတ် အထောက်ထား (Death certificate) ပြနိုင်ဖို့လိုပါတယ်။ ဒီလောက် များပြားတဲ့ ငွေပမာဏ ဒီလူတစ်ယောက် သေဆုံးသွားလို့ ဒီတိုင်းထား မေ့ပြစ်ဖို့ဆိုတာ လက်တွေ့မကျသလို တာ၀န်မဲ့ရာကျလွန်းပါတယ်။ အနည်းဆုံး ချင်းပြည်သူတွေ ယုံကြည်နိုင်လောက်တဲ့ သက်သေအထောက်ထား တစ်ခုခုတော့ ပြနိုင်ဖို့လိုပါတယ်။

၃။ CBCUSA အနေနဲ့ ပျောက်ဆုံးသွားတဲ့ ငွေပမာဏ အားလုံး (သို့မဟုတ်) တတ်နိုင်တဲ့ အတိုင်းတာ ပမာဏ တစ်ခုထိ ပြန်ဆပ်ဖို့လိုပါတယ်။ အကယ်၍ တစ်ပြားမှ ပြန်မဆပ်နိုင်ရင် အလှူရှင်ပြည်သူနဲ့ တော်လှန်ရေးလုပ်နေတဲ့သူအားလုံးကို အများသိ တောင်းပန်မှု (Public apology) လုပ်ဖို့လိုတယ်။ အခုထိ သိရသလောက်က တောင်းပန်တာမျိုး မလုပ်တဲ့အပြင် “ငါတို့အိတ်ကပ်ထဲ ထည့်တာမှ မဟုတ်ဘဲ၊ ငါတို့ကိုအပြစ်ပြောဖို့မလိုဘူး” ဆိုတဲ့ အချိုးမျိုး ချိုးတာ တွေ့ရတယ်။ အမှန်တော့ ပြည်သူတွေအနေနဲ့ CBCUSA ခေါင်းဆောင်က အလွဲသုံးစားလုပ်တယ် ဆိုပြီး ယူဆတဲ့သူတွေ ရှိကောင်းရှိမယ် ဒါပေမယ့် မများလောက်ဘူး။ ယခုပျောက်သွားတဲ့ ဒီတော်လှန်ရေး ရန်ပုံငွေက သူတို့လုပ်ငန်း မလုပ်တတ်မကိုင်တတ်လို့ အလိမ်ခံရတာ ဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့မှာ တာ၀န် အပြည့်ရှိတယ်။ ဒါကြောင့် တာ၀န်ခံ တာ၀န်ယူမှု အပြည့်လုပ်ဖို့လိုတယ်။
၄။ CBCUSA လို အားကောင်းတဲ့ ဘာသာရေးအဖွဲ့အစည်း တော်လှန်ရေးမှာ တက်တက်ကြွကြွ ၀င်ပါတာ အရမ်းကောင်းပါတယ်။ အထူးသဖြင့် အခုလိုမျိုး အာဏာရှင်တော်လှန်ရေး ဘယ်အဖွဲ့ဆို အဖက်ဖက်မှ၀င်ပါနိုင်တာ တော်လှန်ရေးအားပိုကောင်းစေပါတယ်။ ဒါပေမယ့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထိထိရောက်ရောက် ပါ၀င်နိုင်တဲ့ အခန်းကဏ္ဍချင်း မတူကြပါ။ အရာရာမှာ ၀င်ပါပြီး ဘာမှ မရေမရာ အဖြစ်မျိုးကို ကြိုတင်ရှောင်ရှားဖို့ လိုပါတယ်။ အထူးသဖြင့် တော်လှန်ရေးရန်ပုံငွေရှာတဲ့ နေရာမှာ CBCUSAဟာ အခြားအဖွဲ့စည်းတွေထက် ပိုပြီးထိရောက်နိုင်ပေမယ့် လက်နက်ရှာဖွေ၀ယ်ယူရေး ကိစ္စမျိုးမှာတော့ နားလည်တဲ့သူတွေကို တာ၀န်လွှဲအပ်ဖို့လိုပါတယ်။ အခုဖြစ်တဲ့ကိစ္စမှာတော့ CBCUSA လူကြီးပိုင်းမှာ တော်လှန်ရေးနာမည်ကောင်းရှာပြီး နိုင်ငံရေးသြဇာ တည်ဆောက်ချင်သူတွေကြောင့် အလွဲလွဲအချော်ချော် ဖြစ်ကုန်တယ်လို့ သုံးသပ်မိတယ်။ တစ်နည်းအာဖြင့် အလေးပြုခံချင်လွန်းလို့ အလေးအနက်လုပ်ရမယ့် အလုပ်တာ၀န် ပျက်ကွက်ခြင်းဟု ဆိုရပါမယ်။ စဥ်းစားကြည့်ပါ၊ လုပ်ငန်းတစ်ခုမှ တွဲမလုပ်ဖူးတဲ့ လူပုဂ္ဂိုလ် တစ်ယောက်ကို လက်နက်၀ယ်ဖို့ ကန်ဒေါ်လာ ၅ သန်း အလုံးအရင်း (Lump sum) ပေးကာ နောက်သုံးလမှာ အဲဒီလူ သေဆုံးသွားတယ်ဆိုတာ နားလည်ရခက်လွန်းပါတယ်။ အနည်းဆုံးတော့ ဒီလောက်များပြားတဲ့ ငွေပမာဏာ မပေးခင် ဖြစ်နိုင်ခြေ ရှိမရှိ (Feasibility Study) လေ့လာမှုမျိုး လုပ်ခဲ့သင့်တယ်။ ဒါမှမဟုတ် သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းလောက်နဲ့ (Pilot project) အစမ်းသဘောမျိုး အရင်စခဲ့သင့်တယ်။ အခုတော့ ဘာနောက်ကြောင်း ဘာဇာတ်ကြောင်းမှမသိတဲ့သူထံ ကန်ဒေါ်လာ ၅သန်းကျော် အလုံးအရင်း ပေးလိုက်တော့ တော်လှန်ရေးတစ်ခုလုံး လည်ပင်းညှစ်ခံရသလို ဖြစ်ရတယ်။
၅။ တကယ်လိုအပ်တဲ့အောင်ပွဲထက် ကိုယ့်နာမည်နဲ့ အဖွဲ့စည်းနာမည်ကောင်း (Personal or group legacy)ရှာဖွေသူ ဖောင်းပွခြင်းက ချင်းတော်လှန်ရေးတစ်ခုလုံးရဲ့ အကြီးမားဆုံး အဟန့်တားတစ်ခုပါ။ စေတနာအရင်းနဲ့ တော်လှန်ရေးလုပ်တာ မဟုတ်ဘဲ ကိုယ့်နာမည် ကိုယ့်အဖွဲ့အစည်း နာမည်ကောင်း ရရှိရေးအတွက် အလုပ်လုပ်ရင်း သမိုင်းနာမည်ဆိုး ရေးတဲ့သူတွေ များပါတယ်။ CBCUSA ခေါင်းဆောင်ပိုင်းမှာလည်း ဒါမျိုးနာမည်ကောင်းရှာဖွေသူတွေကြောင့် နားလည်ကျွမ်းသူတွေထံ အကြံတောင်းမျိုး လုပ်ဖို့ပျက်ကွက်ခဲ့တယ်လို့ ယူဆရပါတယ်။ အမှန်တော့ CBCUSA ရဲ့လက်နက် ၀ယ်ယူရေးအစီစဥ်အားလုံး ချင်းပြည်သူတွေကြား (Open secret လိုမျိုး) ပေါက်ကြားခဲ့ပြီးသား ဖြစ်တယ်။ ဒါကြောင့် တချို့နိုင်ငံရေးနာလည်တဲ့သူအနေနဲ့ ဒါမျိုးလုပ်လို့မဖြစ်နိုင်ကြောင်းနဲ့ အလိမ်ခံရနိုင်ကြောင်း ကြိုတင်သတိပေးမှုတွေ အများကြီးလုပ်ခဲ့ကြပါတယ်။ CBCUSA အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး အားလုံးကို လျစ်လျှူရှုခဲ့တာဖြစ်တယ်။ ဒါကြောင့် ဒီလောက်သတိပေးတဲ့ကြားက အားလုံးကို လျစ်လျှူရှုခဲ့တဲ့ CBCUSA အနေနဲ့ တာ၀န်ယူတာ၀န်ခံမှု အပြည့်ရှိဖို့ လိုအပ်ပါတယ်။
၆။ ချင်းပြည်သူတွေအနေနဲ့ ငွေကြေးတတ်နိုင်လွန်းလို့ လွယ်လွယ်နဲ့ ကန်ဒေါ်လာ ၁၂ သန်းကျော် တော်လှန်ရေးအတွက် လှူခဲ့ကြတာမဟုတ်ပါ။ ခက်ခက်ခဲခဲနဲ့ စုမိဆောင်းမိသမျှ အာဏာရှင်တော်လှန်ရေးအတွက်ဆိုပြီး စေတနာအပြည့်နဲ့ ထည့်၀င်ခဲ့ကြတာ ဖြစ်တယ်။ အမှန်တော့ ပြည်ပမှာ စာမတတ်ပေမတတ် အလုပ်ကြမ်း အမျိုးမျိုးလုပ် ချွေးပေါင်းများစွာရင်းကာ အမျိုးမျိုး အနှင်ခံရင်း ရလာတဲ့ အသပြာအနည်းအကျဥ်းလေးကို အာဏာရှင် တော်လှန်ရေးအတွက်ဆိုကာ ပေးလှူခဲ့ကြတာပါ။ ဒါကြောင့် ချင်းပြည်သူတွေရဲ့ မျက်နာကို CBCUSA အနေနဲ့ လုံး၀ ထောက်ထားဖို့လိုပါတယ်။ ဒီအတိုင်း ပြီးခဲ့ပြီးသားကိစ္စ နောက်ကြောင်းပြန်မဖော်နဲ့ ဆိုတဲ့အချိုးမျိုးနဲ့ လျစ်လျှူရှုဖို့မသင့်ပါ။ တာ၀န်ယူတာ၀န်ခံမှု မရှိတဲ့ CBCUSA ကြောင့် ချင်းပြည်သူ အတော်များများ တော်လှန်ရေးအတွက် အလှူငွေထည့်ဖို့ အတော်လေးတွန့်ဆုတ်နေကြတယ်။ ဥပမာ၊ CBCUSA တလွဲလုပ်ခဲ့တဲ့နောက် ချင်းအမျိုးသားတပ်ဦး CNF/CNA က တော်လှန်ရေးအတွက် ကန်ဒေါ်လာ ၂၅ သန်း ရန်ပုံငွေစီမံကိန်း လုပ်ခဲ့ပေမယ့် သန်းဂဏန်းတောင်မှ မရခဲ့တာ အားလုံးအသိပါ။ CBCUSA ကြောင့် ပြည်သူတွေအနေနဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှုလုံး၀ လျှော့သွားတာ တွေ့ရတယ်။ ဒါတွေအားလုံး ပြန်အဖတ်ဆယ်ဖို့ CBCUSA တာ၀န်အပြည့်ရှိပါတယ်။
လို့ အချက် ၆ ချက်ကို တောင်းဆိုထားတာ တွေ့ရပါတယ်။
ပုံစာ။ CBC USA မှ သင်းအုပ်ဆရာများနှင့် ယင်းတို့လုပ်ရပ်အပေါ်ဝေဖန်မှုများ။