
၁၆.၄.၂၀၂၅
Written by Hey Mar
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ ရွှေတောင်မှော်ဒေသမှာ ဆိုင်ကယ်စီးလာသူအမျိုးသမီးရဲ့ မျက်နှာကို သင်္ကြန်ရေပက်ကစားသူ ဆယ်ကျော်သက် ကလေးကြီးတစ်သိုက်က ရေပုံးရေခွက်တွေနဲ့ ထိုးပက်လို့ ဆိုင်ကယ် ဟန်ချက်ပျက်ကာ တစ်ဖက်ယာဉ်ကြောက ကားနဲ့တိုက်မိပြီး စီးနင်းသူ အမျိုးသမီးနေရာတင်သေဆုံးခဲ့တဲ့ ဖြစ်စဉ် မနေ့က သင်္ကြန် အကြတ်နေ့ မနက် ၉ နာရီ ဝန်းကျင်မှာ ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးရသူအမျိုးသမီးငယ်က အသက် ၂၆ နှစ်အရွယ် မိန်းမငယ်တစ်ဦးဖြစ်ပြီး အမျိုးသားဖြစ်သူ ဆိုင်သွားဖွင့်တဲ့ နောက်ကို စိတ်မချလို့ လိုက်လာရင်းက လမ်းမှာ ဒီလို အဖြစ်ဆိုးကြုံတွေ့လိုက်ရတာလို့လည်း သိရပါတယ်။

“ရေပက်ကစားသူတွေကို ဘာလုပ်လို့ရမှာလဲဗျာ။ ကျွန့်တော့် မိန်းမမှာ ကိုယ်ဝန်နှစ်လကျော်နဲ့ပါ။ ကျွန်တော်ဆက်မပြောနိုင်တော့လို့ပါ” လို့ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက MT News က ဆက်သွယ်မေးမြန်းတာကို ဝမ်းနည်းစွာနဲ့ တုံ့ပြန်ဖြေဆိုပါတယ်။
ရိုးရာ ယဉ်ကျေးမှုရဲ့ အကာအကွယ်၊ လူကြီးသူမတို့ရဲ့ လမ်းပြဆိုဆုံးမမှုကနေ သွေဖည်နေတဲ့ မြန်မာ့သင်္ကြန်အဖြစ် အကျည်းမတန်စေဖို့ ဒီဖြစ်ရပ်က မီးမောင်းထိုးပြနေတယ်လို့ မကွေးမြို့ ရပ်မိ ရပ်ဖ တစ်ဦးလည်းဖြစ် ပရဟိတအသင်းဥက္ကဋ္ဌလည်းဖြစ်သူ ဦးဇော်က ဆိုပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အကြို ၊ အကျ ၊ အကြတ် သုံးရက်အတွင်း မကွေးမှာ လူငယ်ချင်း သောက်စားရေကစားကြရာက အပြန်အလှန်ဓားထိုးမှု၊ ဆိုင်ကယ် မတော်တဆမှုနဲ့ မိန်းကလေးကို စနောက်လို့ ရိုက်မှု စတဲ့ ဖြစ်စဉ်တချို့ ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။
ဦးဇော်က “အရမ်းကွာသွားပြီ ၊ လေးလေးတို့ ခေတ်ကာလ ကလေးလူကြီးမရွေး ဒီလိုမကြမ်းတမ်းကြဘူး။ အပျော်ပဲ ပျော်ဖို့ရာမှာ တချို့တလေလည်း စုန်းပြူးကြတာပါပဲ။ ဒါပေမယ့် ဝိုင်းထိန်းကြတယ်။ မိဘလည်း မိဘအလျောက် ကြည့်နေတာ။ ဒီလိုတော့ မပက်နဲ့၊ သူများ စိတ်ခုရင် မင်းတို့ အကုသိုလ်ရမယ်၊ ပျော်ပျော်ပါးပါး ဆော့ကြ။ ဒါမျိုးပြောနေကြတာ။ အခုကတော့ ဂန်းနဲ့ထိုးလို့ထိုး၊ မီးသတ်ပိုက်နဲ့ ပက်လိုပက်၊အတင်းတားပြီး ဝိုင်းလောင်းကြတာမျိုး။ ဒါတွေက မမြင်လည်းမတင့်ပါဘူး။ လေးလေးတို့က ရိုးရာအမွေဆိုတာ လူငယ်တွေ လက်ဆင့်ကမ်းရတာ။ ဒါမျိုးလူသေမှုတွေအထိ ဖြစ်ပြီ နစ်နာပြီဆိုရင် ဘယ်လို ဘယ်ပုံ ကစားရမယ်ဆိုတာတောင် ဥပဒေနဲ့ ထိန်းသင့် ထိန်းရမယ်” လို့ သူ့အမြင်ကို ပြောပါတယ်။
မအူပင်မြို့နယ် ရွှေတောင်မှော်က ကြမ်းတမ်းတဲ့ ရေပက်ကစားမှုနဲ့ ကြုံတွေ့ရလို့ ဆိုင်ကယ်မတော်တဆဖြစ်ကာ ကွယ်လွန်သူ အမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ထုံးတမ်းအစဉ်အလာအရ နှစ်သစ်ကူးခံလို့ မရတာမို့ သည်နေ့ မဟာသင်္ကြန်အတက်နေ့ ညနေ သုံးနာရီမှာ သင်္ဂြိုဟ်မှာလည်းဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားတဲ့အနီးက ရေပက်ကစားသူတွေရဲ့ အုပ်ထိန်းသူအပါအဝင် မည်သူတစ်ဦးတစ်ယောက်ရဲ့ တောင်းပန်မှုမျိုးကိုမှ မိသားစုဝင်တွေက မရရှိသေးဘူးလို့လည်း သိရပါတယ်။