
၁၆. ၄. ၂၀၂၅
Written by Nay Moe
နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုကို ဆိုးရွားစွာလှုပ်ခတ်ဖျက်ဆီးသွားသည့် မန္တလေးငလျင်ကြီးကြောင့် PDF များ အပစ်ရပ်ရန်နှင့် ဝမ်းနည်းခြင်းရက်သတ္တပတ်ကျင်းပရန် NUG က ညွှန်ကြားထားသော်လည်း မလိုက်နာသည့် PDF များက နေ့စဥ်ရက်ဆက် သတ်ဖြတ်လုယက်မှု ကျူးလွန်နေသလို ယခုလည်း သတင်းပေးအမည်တပ်ကာ သင်္ကြန်အကြိုရက်တွင် လူသွားသတ်သည့် ပဲခူး PDF များက အသတ်ခံရမည်စိုးရိမ်၍ ထွက်ပြေးသည့် ခင်ပွန်းအစား ဇနီးသည်ကို ပစ်သတ်လိုက်မှု ကျူးလွန်ခဲ့ကြပြန်သည်။
ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာနေ စစ်တပ်သတင်းပေးဆိုကာ ပျူစောထီးအမည်တပ်ခံရသူ ကိုထွန်းထွန်းဝင်းအား သင်္ကြန်အကြိုနေ့ ည ၉ နာရီ ၃၀ မိနစ်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ PDF များက သတ်ဖြတ်ရန် သွားရောက်ရာ ကိုထွန်းထွန်းဝင်းက နေအိမ်နောက်ဘက်သို့ ခုန်ချကာ PDF များအား သေနတ်ဖြင့် ပြန်လည်ပစ်ခတ်၍ ထွက်ပြေးသွားပြီး ၎င်း၏ ဇနီးဖြစ်သူ မစာဥမှာလည်း လက်ပစ်ဗုံးဖြင့် ပြန်လည်တိုက်ခိုက်သောကြောင့် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သတ်ဖြတ်လိုက်ရာ နေရာတွင် သေဆုံးသွားခဲ့သည်ဟု ကျူးလွန်သည့် PDF များက ဝန်ခံထားသည်။


ကိုထွန်းထွန်းဝင်းနှင့် ဇနီးဖြစ်သူ မစာဥ သည် ပျူစောထီး သင်တန်းဆင်းများ ဖြစ်ကြပြီး PDF များ၏ အချက်အလက်များအား သတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသူများ ဖြစ်ကြသည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ဆင်ခြေပေးသော်လည်း ထိုစွပ်စွဲချက်များ မှန် မမှန် သက်သေထုတ်ပြနိုင်ခြင်းမရှိချေ။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြားကို PDF တို့က လုပ်ကြံ သတ်ဖြတ်မှုများသည့်တိုင်းတစ်ခုဖြစ်သော်လည်း ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ ထို့အတူ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော်အပါး ၁၀၀ ခန့်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ပတ်လည်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။