
၁၆.၄.၂၀၂၅
Written By Thandar
ရုပ်ရှင်လောကမိသားစုတွေရဲ့ ရင်သွေးငယ်တွေကို သာသနာ့ဘောင် သွတ်သွင်းလိုပါက လာမယ့် ဧပြီ ၂၄ ရက်နေ့ နောက်ဆုံးထားပြီးတော့ စာရင်းပေးသွင်းရမယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ အနေနဲ့ ညီအစလ်ကိုမောင်နှမ ကိုယ့်လောကသားတွေထဲက သားသမီးတွေ၊ မြေးတွေ သာသနာ့ဘောင်ကို သွတ်သွင်းပေးချင်တဲ့ ဆန္ဒကြောင့် ခုလို လုပ်ဆောင်ဖြစ်တာပါ။ အနုပညာလောကသားတွေ ထဲက တကယ်စိတ်အားထက်သန်တဲ့သူတွေက သာသနာ့ဘောင်ဝင်ဖို့ဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်း ချက်လေးတွေ ဆက်သွယ်ချိန် ဆက်ရမှာပါ။ သာသနာ့ဘောင်ဝင်မယ့် သံဃာအပါးအရေအတွက်ကတော့ မသတ်မှတ်ထားရသေးပါဘူး။ အလှူရှင်ရှိနေတာမို့ အစည်းအရုံးက ဦးဆောင်ပြီးတော့ လုပ်ဆောင်ပေးမှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကို ပြောပါတယ်။

အဆိုပါ သာသနာဘောင် သွတ်သွင်းတာကိုတော့ လာမယ့် ဧပြီ ၂၆ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ သာသနာ့ဘောင်ဝင်လိုသူတွေအနေနဲ့ ရုပ်ရှင်အစည်းရုံးဝင် အမည်နဲ့ အစည်းအရုံးဝင် နံပါတ်၊ သာသနာ့ဘောင် သွတ်သွင်းလိုတဲ့ သားငယ်/မြေးငယ်တွေရဲ့ အမျိုးတော်စပ်ပုံ၊ ဆက်သွယ်ရမယ့် လိပ်စာအတိအကျ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။
စာရင်းပေးသွင်းလိုသူတွေအနေနဲ့က ဧပြီ ၁၅ ရက်ကနေ ဧပြီ ၂၁ ရက်အထိ ဆက်သွယ်ရမယ့်ဖုန်း -ဝ၉၈၈၀၈၉၆၉၅၇ (ရုပ်ရှင်အစည်းအရုံးဖုန်း)၊ ဧပြီ ၂၂ ရက်ကနေ ဧပြီ၂၄ ရက်အထိက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ ရုံးဖွင့်ရက်မှာ ကိုယ်တိုင်လာရောက်စာရင်းပေး သွင်းနိုင်တယ်လို့ သိရပါတယ်။
သာသနာ့ဘောင်ဝင်မယ့် သံဃာတော်အပါး အရေအတွက်ပေါ်မှာမူတည်ပြီး ကုသိုလ်ပြုလုပ်မယ့် ကျောင်းတိုက်ကို မကြာခင်မှာ အသိပေးသွားမယ်လို့ သိရပါတယ်။