



၁၆. ၄. ၂၀၂၅
Written by MMAK
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မျှော်လင့်ချက်အတွက် အက်စတွန်လာဟာ PSG ကို ဒေါ့မွန်ဟာ ဘာစီလိုနာကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ဘုရင့်နောင် ဖောင်ဖျက်သလို ကြိုးစားပေမဲ့ ပထမအကျော့ရှုံးချက်နာတာ မချေဖျက်နိုင်ခဲ့တာကြောင့် PSG နဲ့ ဘာကာတို့ပဲ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။
အက်စတွန်ဗီလာ Vs PSG
တိုင်လီမန်းစ် ၃၄’
မက်ဂင်း ၅၅’
ကွန်ဆာ ၅၇’
ဟာကီမီ ၁၁’
မန်ဒက်စ် ၂၇
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ PSG အသင်းက ဗီလာကို သုံးဂိုးတစ်ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ပထမအကျော့တုန်းက သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရထားတဲ့ PSG အသင်းက အဝေးကွင်းကနေ ပြားခြောက်ဆယ်အရှုံး ပြန်ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံး ပေးခဲ့တာပါ။ ဗီလာအသင်းက နှစ်ဂိုးပြတ်နိုင်မှ သရေကျမှာ ဖြစ်ပေမဲ့ PSG အသင်းကြေးကြောပြန်ပေးထားပုံအရ PSG အသင်းက တိုက်စစ်နဲ့တုံ့ပြန်ကစားပြီး ဂိုးရနိုင်တယ်ဆိုတဲ့ သဘောမျိုးဖြစ်သလို ပေါက်ကြေးအရကို အိမ်ရှင်ဗီလာအသင်းလည်း သေချာပေါက် ဂိုးရမယ့်အနေအထားဖြစ်ခဲ့ပါတယ်။ တကယ့်တကယ်မှာတော့ နောက်တစ်ဆင့် တက်နိုင်ဖို့ ဂိုးလိုအပ်နေတဲ့ ဗီလာက အရင်ဂိုးသွင်းမယ်ထင်ပေမဲ့ ရစ်သမ်မှန်နေတဲ့ PSG ကို မလှန်နိုင်တာကြောင့် ပွဲကစားချိန် ၁၁ မိနစ်နဲ့ ၂၇ မိနစ်မှာ ဟာကီမီနဲ့ မန်ဒက်စ်တို့က နှစ်ဂိုးသွင်းလိုက်တာကြောင့် ချန်ပီယံလိဂ်ကို မနေ့တစ်နေ့ကမှ တက်နိုင်တဲ့ သမ္ဘာနု ဗီလာတို့အဖို့ အကျပ်တွေ့သွားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုး ၅ ဂိုးနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဗီလာတို့က နောက်တစ်ဆင့်အတွက် လက်မလျှော့ဘဲ အကြိတ်အနယ်ကြိုးပမ်းခဲ့တာကြောင့် ပွဲကစားချိန် ၃၄ မိနစ်မှာ တိုင်လီမန်းစ်၊ ၅၅ မိနစ်မှာ မက်ဂင်းနဲ့ ၅၇ မိနစ်မှာ ကွန်ဆာတို့က ချေပဂိုးတွေ သွင်းယူခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၅ ဂိုးအထိဖြစ်လာပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်အခြေအနေတွေဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီရာသီမှာ ချန်ပီယံခြေစွမ်းပြနေတဲ့ PSG တို့က အဝေးကွင်းပေမဲ့ ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်ထားပြီး လက်ကျန်ပွဲချိန်တွေမှာ အသာရနေတဲ့ ၁ ဂိုးကို ထပ်ပိုးမပေးရအောင် စွမ်းဆောင်သွားလို့ ဗီလာတို့ ဘုရင့်နောင် ဖောင်ဖျက်သလို ရုန်းပေမဲ့လည်း နောက်တစ်ဆင့် ဆီမီးကိုတော့ PSG က တက်လှမ်းသွားခဲ့ပါတယ်။




ဒေါ့မွန် Vs ဘာစီလိုနာ
ဂီရာစီ ၁၁’၊ ၄၉’၊ ၇၆
ဘန်ဆီဘိုင်နီ (OG) ၅၄
ပထမအကျော့ အိမ်ကွင်းမှာ ဘာစီလိုနာအသင်းက လေးဂိုးပြတ်အနိုင်ရထားပေမဲ့ ဒီ ပွဲစဉ်မှာ ဘာစီလိုနာအသင်းက သရေအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်အရှုံး ဖွင့်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းရဲ့ ခြေစွမ်းက အညံ့ဘက်ရောက်နေတာကြောင့် ဒီကြေးပေးခဲ့တာဖြစ်ပေမဲ့ မထင်မရှား အနောက်အာဖရိက ဂီနီနိုင်ငံက တိုက်စစ်မှူး ဆီဟူး ဂီရာစီက ပွဲကစားချိန် ၁၁ မိနစ်မှာ ရလာတဲ့ ပင်နယ်လ်တီကို အပိုင်ကန်သွင်းခဲ့သလို ပွဲကစားချိန် ၄၉ မိနစ်မှာလည်း ထပ်သွင်းခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး၊ ၄ ဂိုးနဲ့ မိုးထဲရေထဲ ရောက်လာပြီထင်ပေမဲ့လည်း ပိုသမ္ဘာရင့်တဲ့ ဘာကာက အခြေအနေ ထိန်းသွားခဲ့ပြီး ဖိအားပေးခဲ့လို့ ပွဲကစားချိန် ၅၄ မိနစ်မှာ ဒေါ့မွန်နောက်ခံလူ ဘန်ဆီဘိုင်နီက ကိုယ့်ဂိုးကိုယ် သွင်းလိုက်တာကြောင့် ဂီရာစီရဲ့ အားထုတ်မှုတွေ အချည်းနှီးဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့လည်း အနိုင်ရဖို့ လိုအပ်နေတဲ့ PSG က ပိုအားထုတ်ခဲ့သလို ဂီရာစီက ပွဲကစားချိန် ၇၆ မိနစ်မှာ ဘာစီလိုနာကို သူ့အဖို့ အဖိုးတန် ဟတ်ထရစ်ဂိုးသွင်းယူခဲ့ပေမဲ့ အခြေအနေကို ထိန်းချုပ်သွားနိုင်တဲ့ ဘာကာတို့ကြောင့် ဂူရာစီ ကြိုးစားသမျှ အလဟဿဖြစ်သွားခဲ့ပြီး အဆုံးသတ်မှာတော့ ဘာကာက နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၃ ဂိုးနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။
ဒီနေ့ည (ဧပြီ ၁၇ ရက်မနက်) မှာလည်း ပထမအကျော့က အာဆင်နယ်အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ရှုံးခဲ့တဲ့ ရီးရဲအသင်းက ဘာနေဗျူးမှာ အာဆင်နယ်ကို လက်ခံကစားမှာဖြစ်သလို အိမ်ကွင်းမှာ အင်တာမီလန်ကို ၁ ဂိုး ၂ ဂိုးနဲ့ ရှုံးခဲ့တဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ဆီမီးဖိုင်နယ်မျှော်လင့်ချက်အတွက် ရုန်းကန်လာကြမှာပါ။ အစဥ်အလာအရ ချန်ပီယံလိဂ်မှာ ရီးရဲမက်ထရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့က အာဆင်နယ်နဲ့ အင်တာတို့ထက် သာတာကြောင့် သူတို့ဖျက်လာမယ့်ဖောင်မှာ အာဆင်နယ်နဲ့ အင်တာတို့ ကျရှုံးသွားမလားဆိုတာတော့… ။